Home
ဆောင်းပါး
ပုဂံစီမံခန့်ခွဲမှု အလွဲအမှားများနှင့် အန်အယ်လ်ဒီအစိုးရ
DVB
·
April 18, 2018
“ပုဂံဒေသကို UNESCO လွှမ်းမိုးတာ မကြိုက်ဘူး” ဆိုတဲ့ စကားတခွန်း ပြည်သူ့အစိုးရလို့ ဟစ်ကြွေးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ထွက်ပေါ်လို့ လာခဲ့ပါတယ်။ အဲဒီစကားဟာ စစ်အစိုးရလက်ထက်မှာ အမြဲတစေ သုံးစွဲနေတဲ့ စကားလုံးမျိုး ဖြစ်ပေမယ့် ဒီမိုကရေစီအစိုးရလက်ထက်မှာ ပြောဆိုလိုက်တာကတော့ အားလုံး အံ့သြခဲ့ရပါတယ်။ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနအသင်းတို့ ဧပြီ ၁၁ ရက်က တိုင်းအစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံခဲ့စဉ် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောဆိုခဲ့တာပါ။ အဲဒီလို ပြောဆိုချက်အပေါ် အသင်း တာဝန်ရှိသူတွေကတော့ ပြောစရာစကား မရှိတော့တဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ “ပုဂံက ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်သွားလို့ရှိရင် UNESCO ရဲ့ စည်းမျဉ်းတွေနဲ့အညီ လုပ်ရတယ်။ အမွေအနှစ်စာရင်းဝင်ရင် UNESCO က ခြယ်လှယ်မယ်လို့ သူ ထင်နေပုံရတယ်။ သူ့အနေနဲ့ ရှေးဟောင်းကိစ္စနဲ့ပတ်သက်ပြီး ဘာမှသိပုံမရဘူး” လို့ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနအသင်း အတွင်းရေးမှူး ဦးသူရအောင်က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံးရှေးဟောင်းမြို့ဖြစ်တဲ့ ကမ္ဘာကျော် ပုဂံမြို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ဖို့အတွက် အဆိုပြုစာတမ်းကို မြန်မာအစိုးရက ယူနက်စကိုကို အခုနှစ်အစောပိုင်းက တင်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ဖို့ ဆောင်ရွက်ချက်တွေက အရင် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်ကတည်းက စခဲ့တာဖြစ်ပြီး အခုအစိုးရက အဆုံးသတ် ဆောင်ရွက်ပေးတာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းလိုက်ပြီးနောက်ပိုင်း သက်ဆိုင်တဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနတို့က နိုင်ငံနဲ့ လူမျိုး ကိုယ်စားပြုပြီး ပုဂံဒေသ စီမံခန့်ခွဲမှုကို ထိန်းသိမ်းစောင့်ရှောက်ပါမယ်ဆိုတာ အလိုအလျောက် ကတိပြုပြီးသလို ဖြစ်သွားတာပါ။ ဒါ့အပြင် အစိုးရက ပေးပို့လိုက်တဲ့ အဆိုပြုစာတမ်းမှာ ပုဂံဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ပုဂံဒေသ ရှေးဟောင်းအမွေအနှစ်တွေကို မထိခိုက်စေရဘူး ဆိုတာလည်း ရေးသားထားတာကို တွေ့ရပါတယ်။ ပုဂံဒေသအပေါ် အုပ်ချပ်ရေးအာဏာပိုင်တွေ စီမံခန့်ခွဲနေတဲ့ အပိုင်းကတော့ စစ်အစိုးရ၊ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရနဲ့ အတိုက်အခံကနေ အစိုးရဖြစ်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ သုံးဆက်လုံးမှာတော့ သိသာတဲ့ ပြောင်းလဲမှုမျိုး ဖြစ်မလာသေးပါဘူး။ အစိုးရက စည်းကမ်းဖောက်ဖျက်နေလား ပုဂံဒေသမှာ ခေတ်အဆက်ဆက် ကြုံတွေ့နေရတဲ့ ပြဿနာတွေထဲကမှ ဟိုတယ်ပြဿနာက အကြီးဆုံးဖြစ်နေပါတယ်။ စစ်အစိုးရလက်ထက်ကတည်းက မပြီးပြတ်ခဲ့တဲ့ ဟိုတယ်အသစ် တည်ဆောက်မယ့် ပြဿနာတွေ၊ တိုးချဲ့ဆောက်လုပ်မယ့် ပြဿနာတွေဟာ အခု အရပ်သားအစိုးရလက်ထက်မှာ ပိုဆိုးလာခဲ့ပါတယ်။ အရင်အစိုးရလက်ထက်မှာ အမွေအနှစ်ဇုန်ထဲ ပါဝင်နေလို့ ရပ်ဆိုင်းခဲ့တဲ့ ဟိုတယ် ၂၅ လုံးဟာ အခုအစိုးရလက်ထက်မှာတော့ ဆောက်လုပ်ခွင့် မီးစိမ်းပြခံလိုက်ရပြီး တခြားအသစ်သော ဟိုတယ်တွေကိုလည်း ဆောက်လုပ်ခွင့်တွေ ချပေးလျက် ရှိနေတာဟာ ဒေသခံတွေနဲ့ ပညာရှင်တွေအတွက် ဝေဖန်စရာ ဖြစ်နေပါတယ်။ ယူနက်စကိုကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်နိုင်ရေးအတွက် အဆိုပြုမူကြမ်း ရေးသားရာမှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးစန်းဝင်းကတော့ အခုဖြစ်နေတဲ့ ပြဿနာတွေက ဥပဒေအရ မမှန်ပေမယ့်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ တမင်မှားယွင်းမှုတွေ မဟုတ်ဘူးလို့ ပြောပါတယ်။ “အခုအစိုးရလက်ထက်မှာ ကိုင်တွယ်နေရတဲ့ ဟိုတယ်ကိစ္စတွေဟာ အခုအစိုးရလက်ထက်ကဟာတွေ မဟုတ်ဘူး။ အရင်အစိုးရ (စစ်အစိုးရလက်ထက်) ကတည်းက ဖြစ်လာတာ။ ဦးသိန်းစိန်လက်ထက်ထိ မပြီးပြတ်ခဲ့ဘူး။ အခုအစိုးရလက်ထက်မှာ အဲဒါတွေကတဖက်၊ ကမ္ဘာ့အမွေအနှစ်အတွက်က တဖက်၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးနဲ့ ပေါင်းပြီး ပြီးပြတ်အောင် ဆောင်ရွက်တဲ့အခါမှာ ဥပဒေအရသော်လည်းကောင်း၊ ယဉ်ကျေးမှုထိန်းသိမ်းရေး အနေအထားအရသော်လည်းကောင်း မမှန်တဲ့၊ ဆန့်ကျင်တဲ့ အခြေအနေတွေ ဖြစ်ကုန်တာ။ တမင်သက်သက် အမှားလို့တော့ မပြောလိုဘူး” လို့ ဦးစန်းဝင်းက ဆိုပါတယ်။ ဟိုတယ်တည်ဆောက်မယ့် စီးပွားရေးလုပ်ငန်းရှင်တွေဟာ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ ကိစ္စထက် သူတို့ရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်နေကြတဲ့အတွက် ဒေသခံတွေနဲ့ ပညာရှင်တွေရဲ့ ကန့်ကွက်မှုတွေကို ရင်ဆိုင်နေကြရပါတယ်။ အခုလအတွင်းမှာပဲ မြတ်မင်းကုမ္ပဏီရဲ့ အခန်း ၃၄၈ ခန်းပါဝင်တဲ့ ဟိုတယ်တည်ဆောက်ရေး စီမံကိန်းကြီးဟာ အာဏာပိုင်တွေကြားက စီမံခန့်ခွဲမှု လွဲချော်မှုတွေကြောင့် ဆောက်လုပ်နေရာကနေ ရပ်ဆိုင်းလိုက်ရပါတယ်။ မြေ ၂၄ ဒသမ ၂၅ ဧကမှာ ဆောက်လုပ်မယ့် နိုဗိုတယ်ပုဂံစီမံကိန်းကြီးဟာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ “လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်ပါက ကန့်ကွက်ရန် မရှိ” ဆိုတဲ့ ခွင့်ပြုချက်နဲ့ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ တခန်းလျှင် ငွေကျပ် ငါးသောင်းကျပ်နှုန်းနဲ့ အခန်းအားလုံးအတွက် စုစုပေါင်း ငွေကျပ် ၁၇၄ သိန်းကို ပုဂံဒေသဖွံ့ဖြိုးရေး အလှူငွေအဖြစ် ပေးသွင်းဖို့ တောင်းခံချက်တွေကြောင့် ကုမ္ပဏီဘက်က စီမံကိန်းလုပ်ငန်းကို စတင်ခဲ့တာလို့ သိရပါတယ်။ “ကိုယ်တို့အနေနဲ့က ခွင့်ပြုချက်တွေ အကုန်ရှိထားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ စလုပ်နေတာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက် ကျပြီးသားပါ။ မန္တလေးတိုင်း အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ လုပ်တာဖြစ်ပါတယ်” လို့ မြတ်မင်းကုမ္ပဏီဟိုတယ် တည်ဆောက်ရေးက တာဝန်ရှိသူ ဦးရဲထွန်းရဲ့ ပြောကြားချက်ကို မတ် ၂၅ ရက်ထုတ် The Voice သတင်းစာမှာ ဖော်ပြပါတယ်။ ဒါပေမယ့် ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ) ကတော့ ဟိုတယ်ဆောက်လုပ်ရေးလုပ်ငန်း ဆက်မလုပ်ဖို့ မတ် ၂၄ ရက်အထိ ကုမ္ပဏီကို သုံးကြိမ်တိုင် စာနဲ့ အကြောင်းကြားခဲ့ပြီး မလိုက်နာရင် တရားစွဲမယ်ဆိုတဲ့အထိ သတိပေးစာ ပေးပို့ထားတယ်လို့ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်။ “မြတ်မင်းကုမ္ပဏီကို တားရတာက အဲဒီမြေနေရာဟာ မြို့မြေနဲ့ ရွာမြေထဲမှာ မပါဘူး။ ယာယီအဆောက်အအုံပဲ ဆောက်လို့ရတဲ့ ရှုခင်းနေရာထဲကို ရောက်နေတယ်။ အဲဒါကြောင့်ပါ” လို့ သူက ရှင်းပြပါတယ်။ ယူနက်စကိုကို တင်ခဲ့တဲ့ အဆိုပြုလွှာမှာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ရှေးဟောင်းနယ်နိမိတ်ကို အသစ်ပြန်ဆွဲခဲ့တာလည်း ပါဝင်ပါတယ်။ အဲဒီနယ်နိမိတ်အသစ်အရ ရှေးဟောင်းဇုန်မှာ မြို့မြေ၊ ရွာမြေနဲ့ မြို့မဟုတ် ရွာမဟုတ်တဲ့ လွတ်လပ်မြေဆိုပြီး မြေအမျိုးအစား သုံးမျိုး ပေါ်ပေါက်လာပါတယ်။ မြတ်မင်းကုမ္ပဏီ ဆောက်လုပ်နေတဲ့ မြေနေရာဟာ အလွယ်တကူ ဖြိုဖျက်လို့ မလွယ်ကူမယ့် အဆောက်အအုံတွေ ဆောက်လုပ်ခွင့်မရှိတဲ့ လွတ်လပ်မြေအမျိုးအစားမှာ ပါဝင်နေတာလည်း ဖြစ်ပါတယ်။ စီမံကိန်းကို ရပ်ဆိုင်းလိုက်ရပေမယ့် ပုဂံဒေသ ဖွံ့ဖြိုးရေးအလှူငွေအဖြစ် ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပေးသွင်းထားတဲ့ ငွေကြေးတွေ ဘယ်လိုဆက်ဖြစ်မယ် ဆိုတာကတော့ ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါဘူး။ ပုဂံဒေသမှာ ဟိုတယ်အသစ် ဆောက်လုပ်တဲ့ ကိစ္စတွေတင်မကဘဲ ရှိပြီးသား ဟိုတယ်တွေက တိုးချဲ့ဆောက်လုပ်နေတဲ့ ပြဿနာတွေလည်း ရှိနေပါတယ်။ စစ်အစိုးရ လက်ထက်ကတည်းက ဖွင့်လှစ်ခဲ့တဲ့ ဟိုတယ်အများစုဟာ ဘုရားတွေနဲ့ အလွန်နီးကပ် တည်ရှိနေတဲ့အတွက် အဲဒီဟိုတယ်တွေကို ရွှေ့ပြောင်းဖို့အထိ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက စီစဉ်နေပါတယ်။ ယူနက်စကိုရဲ့ အကြံပြုချက်အရ အမွေအနှစ်ဧရိယာက မဖြစ်မနေ ရွှေ့ပြောင်းပေးရမယ့် ဟိုတယ် ၇ လုံးအထိ ရှိနေပြီး ဧဒင်လုပ်ငန်းစုက ဆောက်လုပ်နေတဲ့ ဟီလ်တန် ပုဂံဟိုတယ်လည်း ပါဝင်နေပါတယ်။ ဒါပေမယ့် ရှေး/သုဌာနရဲ့ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ကတော့ ဒီဟိုတယ်ဟာ စီစဉ်နေဆဲသာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရှေးဟောင်းသုတေသနဦးစီးဌာနနဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ဟာ ၁၉၉၈ ခုနှစ် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေနဲ့ ဆန့်ကျင်ကာ ပုဂံဒေသအတွင်း လုပ်ဆောင်နေတာတွေကို အချိန်မီ တားဆီးနိုင်ခြင်း မရှိတာက အငြင်းပွားစရာကောင်းလှပြီး ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရေးအတွက်လည်း စိုးရိမ်ရပါတယ်။ ဂူပြောက်ကြီးဘုရားနဲ့ အလွန်နီးကပ်စွာ တည်ရှိနေတဲ့ Royal House Hotel ဟာ ဘုရားအုတ်တံတိုင်းအနီးမှာ တိုးချဲ့အဆောက်အအုံတခုကို ဧပြီ ၆ ရက်အထိ ဆောက်လုပ်နေတာကို တွေ့ရပါတယ်။ အဲဒီဆောက်လုပ်မှုဟာ အမွေအနှစ်စာရင်းဝင်ရေးအတွက် အနှောင့်အယှက် ဖြစ်နိုင်တယ်လို့ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နဲ့ စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးစန်းဝင်းက ဝေဖန်ပါတယ်။ “ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် တချို့ဟာတွေကျတော့ ဒေသအုပ်ချုပ်ရေး၊ ရှေး/သုက တားမနိုင် ဆီးမနိုင် အတန်းအစားမျိုးနဲ့ ပုဂံဒေသ အာဏာပိုင်လောက်၊ ပုဂံဒေသ ရှေးဟောင်းလောက်ကို ဂရုမစိုက်ဘဲ လုပ်ရဲတဲ့ လုပ်နိုင်တဲ့လူတွေလည်း ရှိတယ်။ တချို့ဟာတွေက အရင်တုန်းက အခွင့်အရေး ရခဲ့ကြတယ်။ စီမံခန့်ခွဲရေးနဲ့ ထိန်းသိမ်းရေး လုပ်နေတဲ့သူတွေကလည်း ဒါတွေကို စောင့်ကြည့်တားဆီးထိန်းချုပ်ဖို့ တာဝန်ရှိသလို စီးပွားရေးသမားတွေကလည်း လက်ရှိနိုင်ငံတော်က လုပ်နေတဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး စီမံချက်ကို မျက်ခြည်မပြတ်ကြည့်ပြီး ဒီဟာကို ထိခိုက်စေနိုင်တဲ့ အလုပ်တွေကို လတ်တလောမှာ မလုပ်သင့်ဘူး” လို့ ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ဟိုတယ်ပြဿနာတွေတင်မကဘဲ လူလုပ်ကုန်းလို့ခေါ်တဲ့ နေဝင် နေထွက် ဆည်းဆာကြည့်ဖို့ ဆောက်လုပ်ထားတဲ့ ကုန်းတွေရဲ့ ပြဿနာဟာလည်း မသေးပါဘူး။ အဲဒီကုန်းတွေဟာ ၂၀၁၆ ချောက်မြို့ ငလျင်လှုပ်ပြီးနောက်ပိုင်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘုရားတွေအပေါ် လူတွေ မတက်သင့်တော့တဲ့အကြောင်း ပြောရာမှ ပေါ်ပေါက်လာခဲ့တာလည်း ဖြစ်ပါတယ်။ UNESCO က တာဝန်ရှိသူတဦးကတော့ ပုဂံရှေးဟောင်းနယ်မြေမှာ သဘာဝမဟုတ်တဲ့ အရာတွေ ပေါ်ပေါက်လာတာဟာ သမိုင်းအတွက်လည်း ပြောစရာ ဖြစ်လာနိုင်သလို ရှေးဟောင်းနယ်မြေနဲ့ အပ်စပ်တဲ့အရာမျိုးလည်း မဟုတ်ဘူးလို့ ဝေဖန်ပြောဆိုပါတယ်။ ဒါ့အပြင် လူလုပ်ကုန်းတွေဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားချက်အပေါ် နားလည်မှုလွဲပြီး ဆောက်လုပ်ခဲ့တာ ဖြစ်သလို ပုဂံဒေသက ဘုရားတွေအပေါ် လူပေးမတက်ခြင်းက ဘုရားတွေ ရေရှည်တည်တံ့ ခိုင်မြဲဖို့အတွက် ထိန်းသိမ်းရာ မရောက်ဘဲ ပိုမိုပျက်စီးစေတယ်လို့လည်း ပညာရှင်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးစန်းဝင်းက လူလုပ်ကုန်းတွေ ပေါ်လာခြင်းက ရှေးဟောင်းတန်ဖိုးကို လျော့ကျသွားစေနိုင်သလို ငွေကုန်ရကျိုးနပ်သည်အထိ အောင်မြင်မှု မရှိဘူးလို့ ပြောပါတယ်။ “အားလုံးမတက်ရလို့ ပိတ်မယ့်အစား ဘယ်ဟာတွေကတော့ တက်တဲ့အခါ အန္တရာယ်မရှိနိုင်၊ အမွေအနှစ်ကိုလည်း ထိခိုက်ပျက်စီးမှု မရှိနိုင်၊ ခရီးသွားတွေလည်း သဘာဝအလှနဲ့ နေဝင် နေထွက်ကို ကြည့်ရှုခံစားစေ၊ ကိုယ့်ဒေသခံတွေလည်းပဲ အဲဒီနေရာမှာ ဈေးလေး ဘာလေးလည်း ရောင်းပေါ့။ အဲဒီလို ဖြစ်နိုင်တာမျိုးကို စဉ်းစားသင့်တယ်” လို့ သူက ဆိုပါတယ်။ ဒါ့အပြင် အလိုတော်ပြည့်ဘုရား အရှေ့ဘက်မုခ် မျက်နှာချင်းဆိုင်နဲ့ အနော်ရထာ လမ်းမကြီးဘေးမှာ မလိုအပ်ဘဲ ငါးလုံးတွဲ အများသုံးအိမ်သာ ဆောက်လုပ်နေတာကိုလည်း ဧပြီ ၈ ရက်အထိ တွေ့နေရပြီး ဒေသခံတွေနဲ့ ပညာရှင်တွေကတော့ ဝေဖန် ပြောဆိုနေကြပါတယ်။ “မူနဲ့ စေတနာလေးတော့ ထားသင့်တယ်။ အဲဒီမူက ရှေးဟောင်းအမွေအနှစ်အပေါ် ကာကွယ်ထိန်းသိမ်းလိုတဲ့ စိတ်စေတနာပေါ် မူတည်တယ်။ အဲဒီစေတနာသည် ဒေသကို ချစ်မြတ်နိုးသောစိတ်၊ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသောစိတ်၊ အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိန်းသိမ်းလိုတဲ့စိတ်အပေါ် မူတည်တယ်။ အခုလူတွေမှာ အဲဒီစိတ်ဓာတ် မရှိဘူး။ အလကားလူတွေ။ ဘာလုပ်ရမလဲ မျှော်လင့်နေတဲ့အချိန်မှာ ခရိုင်ကခိုင်းလိုက်တော့ ငါတို့တော့ အလုပ်ရပြီဆိုပြီး ထလုပ်တဲ့သဘော။ ဘယ်လောက် သပ်ရပ်တာလုပ်လုပ် အနံ့ဆိုတာ ရှိတယ်။ အသိဉာဏ်ရှိတဲ့ ဦးနှောက်ရှိရင် စဉ်းစားသင့်တယ်” လို့ ဦးစန်းဝင်းက ပြောပါတယ်။ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ) မှ တာဝန်ရှိသူရဲ့ ပြောကြားချက်အရ မင်းနန်သူကျေးရွာမှာ ဆောက်လုပ်နေတဲ့ လူလုပ်ကုန်း ပြီးစီးသွားပါကလည်း ကုန်းအသစ်တွေ ဆက်လက်တူးဖော် ဆောက်လုပ်သွားဖို့ လျာထားသေးတယ်လို့လည်း သိရပါတယ်။ “ဆက်လုပ်ဖို့ အစီအစဉ်ရှိတယ်လို့ အကြမ်းဖျင်းကတော့ သိထားပါတယ်။ သို့သော်လည်း ဆက်လုပ်ဖို့ကတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်ရမယ့်ကာလ ဖြစ်နေတယ်။ အမွေအနှစ်စာရင်း ဝင်ရောက်ရေးက အရမ်း Sensitive ဖြစ်တဲ့အတွက် ဆက်လက်ပြီး မဆောင်ရွက်သေးဖို့ကိုလည်း ညှိနှိုင်းထားပါတယ်” လို့ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်။ ကမ္ဘာ့အမွေအနှစ်စာရင်းမဝင်ရင် ဘယ်သူတာဝန်ခံမလဲ၊ အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ အမွေအနှစ်စာရင်းဝင်နိုင်ဖို့ အင်မတန်ပင် ခက်ခဲနိုင်သလို မှားယွင်းတဲ့ လုပ်ဆောင်ချက်တွေကို အဆက်မပြတ် လုပ်ဆောင်နေခြင်းကြောင့်လည်း အမွေအနှစ်စာရင်း မဝင်မှာကို အားလုံးက စိုးရိမ်နေကြပါတယ်။ “ပြည်သူ့အစိုးရဆိုတာ ပြည်သူ့စကား နားထောင်ရမယ်။ အခုအစိုးရက UNESCO ကို တင်သွင်းထားတဲ့ အဆိုပြုလွှာပါ စီမံခန့်ခွဲမှုအချက်တွေကို ဖောက်ဖျက်နေတယ်။ တကယ်လို့ မဝင်ခဲ့ရင် နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် ဘယ်သူတာဝန်ယူမှာလဲ။ ဝန်ကြီးချုပ်လား၊ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးလား၊ အတိုင်ပင်ခံပုဂ္ဂိုလ်လား ဆိုတာ မေးချင်ပါတယ်” လို့ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနအသင်းက အတွင်းရေးမှူး ဦးသူရအောင်က ပြောပါတယ်။ ယူနက်စကိုကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် အဆိုပြုမူကြမ်း ရေးသားရာမှာ ဥက္ကဋ္ဌအဖြစ် ပါဝင်ခဲ့တဲ့ ဦးစန်းဝင်းကလည်း အဆိုပြုလွှာ တင်ထားဆဲကာလမှာ ဒေသနဲ့မလျော်ညီတဲ့ အဆောက်အအုံတွေ ဆောက်တာကို ရပ်ထားသင့်ပြီး အုပ်ချုပ်ရေးစီမံခန့်ခွဲမှု တာဝန်ရှိသူတွေအနေနဲ့ ဆင်ခြင်ဆောင်ရွက်သင့်တယ်လို့ အကြံပြုပါတယ်။ “ဒေသနဲ့မလျော်ညီတဲ့ အဆောက်အအုံတွေ ဆောက်လုပ်နေတာ တွေ့သွားရင် ဘယ်လိုမှ မရနိုင်တော့ဘူး။ လာစစ်တဲ့ ပညာရှင်အဖွဲ့က သူတို့အမြင်နဲ့ သူတို့ဘာသာ ရေးလိုက်မှာ၊ အဲဒီလိုရေးလိုက်ရင် ညီလာခံမှာ မြန်မာဘက်က ဖြေရှင်းဖို့ မလွယ်တော့ဘူး။ ကမ္ဘာကျော်တဲ့ပုဂံက ကမ္ဘာ့အမွေအနှစ်စာရင်း မဝင်ခဲ့ရင်တော့ ကြေကွဲစရာကောင်းတာပေါ့။ အထူးသဖြင့် ဒေသခံတွေအတွက် ပိုပြီးတော့ ကြေကွဲစရာကောင်းတာပေါ့။ စာရင်းဝင်ရင် ပထမဦးဆုံး ခံစားရမှာက ဒေသခံတွေ၊ ပြီးမှ နိုင်ငံတော်ပါ” လို့ ဦးစန်းဝင်းက ပြောပါတယ်။ ပုဂံရှေးဟောင်းဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်သင့်၊ မသင့်ကို ၂၀၁၉ ဇွန်လမှာလုပ်မယ့် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံမှာ ဆုံးဖြတ်သွားမှာဖြစ်ပြီး စစ်ဆေးမယ့်အဖွဲ့တွေလည်း အခုနှစ်အတွင်း လာရောက်ဖို့ ရှိနေပါတယ်။ ရဲမွန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024