DVB Logo
Home
မြန်မာသတင်း
ကချင်ဒုက္ခသည်များအတွက် ပဒေသာကပွဲကျင်းပမည်
DVB
·
June 8, 2012
ကချင်ဒုက္ခသည်များအတွက် ပဒေသာကပွဲကျင်းပမည်
1 / 3
Donate to DVB

ကချင်ပြည်နယ်အတွင်း ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ မြန်မာ အစိုးရ တပ်တွေအကြား ၁ နှစ်ကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း  ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေး ဒုက္ခသည်တွေအတွက်  ရန်ပုံငွေ ပဒေသာကပွဲ တခုကို  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက စီစဉ်နေတယ်လို့ ဒီနေ့ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဒီပဒေသာကပွဲမှာ အနုပညာရှင်ပေါင်းများစွာပါဝင်မယ့်  DAY CLUB ဟာသ ပြဇာတ်နဲ့ အငြိမ့်တွေ ကပြဖျော်ဖြေသွားမှာဖြစ်ပါတယ်။ ဒီနေ့  ရန်ကုန်မြို့  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်တဲ့  သတင်းစာ ရှင်းလင်းပွဲမှာ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) က ခုလို ပြောပါတယ်။

“ပြဇာတ်ကတော့ ကျနော် ဟာသပြဇာတ်လေးပဲ လုပ်ထားပါတယ်။ Day Club ဆိုပြီးတော့ ကျနော် နာမည်ပေးထားပါတယ်။ ဒါပေမယ့် ကျနော်ပေးချင်တဲ့ အသိလေးက ဒီနေ့ခေတ်လူငယ်တွေ ကိုယ်ဝါသနာပါတဲ့ အလုပ်နဲ့ ရပ်တည်တဲ့အချိန်မှာ အခက်အခဲတွေ၊ အဆင်မပြေတာတွေ ရှိကြောင်း။ အဲဒါလေးကို ကျနော် ဟာသ သဘောမျိုးနဲ့ တင်ပြပေးခြင်းဖြစ် ပါတယ်။ ပြီးတော့ အငြိမ့်အနေနဲ့ကတော့ တခါမှ မဖြစ်ဖူးသေးဘူးထင်တဲ့ တင်ပြချက်မျိုးလေး ကျနော်လုပ်ထား ပါတယ်။ တညကို မင်းသမီး ၃ လက် ထွက်ပါမယ်။ လူရွှင်တော် ၂ ပိုင်းခွဲပြီး ၂ ဖွဲ့ထွက်ပါမယ်။ မင်းသမီးတွေ ကတော့ မေသန်းနု၊ မေသဉ္ဇာဦး၊ လင်းဇာနည်ဇော်၊ အေးမြတ်သူ၊ အိချောပို၊ ၀ါဆိုမိုးဦး တို့ ဖြစ်ပါတယ်။ လူရွှင်တော်တွေ အနေနဲ့ကတော့ ဦးမိုးဒီ ခေါင်းဆောင်တဲ့ အဖွဲ့တဖွဲ့ပါမယ်။ ပြီးတော့ ဦးမော့စ်တို့ အဖွဲ့ပါမယ်။ ကိုအရိုင်းတို့နဲ့ သီးလေးသီး တို့ ပေါင်းတဲ့ အဖွဲ့တဖွဲ့ပါမယ်။ ပြီးရင် ဧရာ၊ ခင်လှိုင်၊ မင်းနောင်တို့ အဖွဲ့ တဖွဲ့ ပါမယ် အားလုံး ၄ ဖွဲ့။”

ပဒေသာကပွဲကရရှိတဲ့ ရန်ပုံငွေတွေနဲ့ တခြားရရှိတဲ့ အလှူငွေတွေကို အမှန်တကယ် စစ်ဘေးဒဏ်ခံရတဲ့ ကချင်ပြည်နယ်က စစ်ဘေးသင့်ပြည်သူတွေဆီ တိုက်ရိုက်ရောက်အောင် လှူဒါန်းသွားမယ် လို့  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒု-ဥက္ကဋ္ဌ ဦးလူမင်းက ပြောပါတယ်။

“အဓိကကတော့ ကချင်ပြည်နယ်မှာ ရှိနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည် တိုင်းရင်းသားတွေကို ကျနော်တို့ အနုပညာလောကသားတွေ အနုပညာအင်အားနဲ့ ရန်ပုံငွေရှာပြီးတော့ လှူဒါန်းဖို့ ကိစ္စ။ ရည်ရွယ်ချက်ကတော့ တကယ့်ကို ဒုက္ခတွေခံစားရပြီးတော့ တကယ်ကို ဒုက္ခရောက်နေတဲ့ သူတွေလက်ထဲကို တိုက်ရိုက် ရောက်အောင် အဲဒီလို ရည်ရွယ်ချက်ထားပါတယ်။”

ဒါ့ပြင် စစ်ဘေးကြောင့် ပြည်သူလူထုတွေ အားလုံး ဒုက္ခ မရောက်ရလေအောင်  ထာဝရငြိမ်းချမ်းရေး ရအောင် အားလုံး ၀ိုင်းဝန်းကြိုးပမ်းကြဖို့လည်း သူက တိုက်တွန်း ပြောကြားသွားပါတယ်။

“အခုလို စစ်ဘေးရှောင် ဒုက္ခသည်တွေ ဖြစ်လာကြပြီဆိုတာက စစ်ပွဲတွေ ဖြစ်လို့ပေါ့။ စစ်ပွဲတွေသာ မဖြစ်ဘူးဆိုရင် တိုင်းရင်းသားညီအစ်ကို မောင်နှမတွေ ဒုက္ခရောက်စရာ အကြောင်းလည်း မရှိဘူး။ အဲဒီအတွက် ကိုယ်တို့က တိုင်းရင်းသားမောင်နှမအချင်းချင်း တယောက်ယောက် ဒုက္ခရောက်ရင် ကျန်တဲ့ ညီအစ်ကိုမောင်နှမတွေက တက်နိုင်သလောက် ဝိုင်းဝန်းကူညီစောင့်ရှောက်တယ်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ သွားတာပါ။ ထာဝရငြိမ်းချမ်းရေးရအောင် ဘယ်လို ပညာရှင်တွေဘက် က ဖော်ဆောင်မလဲ ဆိုတာကတော့ အခုအခြေအနေမှာတော့ ကိုယ်တို့ အနုပညာရှင်တွေ ပဲ ဖြစ်ဖြစ်၊ ပြည်သူတွေပဲ ဖြစ်ဖြစ်၊ ပြောခွင့်ဆိုခွင့် ရှိသူပဲ ဖြစ်ဖြစ်ပေါ့။ ဒီ ထာဝရငြိမ်းချမ်းရေး ရအောင် ဖော်ဆောင်နိုင်မယ့် အဖွဲ့အစည်းတွေ အနေနဲ့ တကယ်ကို လက်ဝယ် ထာဝရငြိမ်းချမ်းရေး ဆိုတာ ရောက်ရှိနိုင်အောင် ကြိုးစားဖို့ပဲ လောလောဆယ် တိုက်တွန်းချင်ပါတယ်။ နောက်ပြီးတော့ အဲဒီလို တိုက်တွန်းတဲ့ နေရာမှာလည်း အမေစုပါ ပါရင် ပိုပြီးတော့ သက်ရောက်မှု ရှိလိမ့်မယ် မြန်ဆန်လိမ့်မယ်လို့ ယုံကြည်ပါတယ်။”

ဒီရန်ပုံငွေ ပဒေသာကပွဲကို ရန်ကုန် မြို့မကျောင်းလမ်းက အမျိုးသားကဇာတ်ရုံမှာ အခုလ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့မှာ ကပြသွားမှာဖြစ်ပြီး  လက်မှတ်ခနှုန်းထားတွေကတော့ ကျပ် ၅၀၀၀၊ ၁၅၀၀၀၊ ၂၀၀၀၀ ကျပ် အသီးသီး သတ်မှတ်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013