DVB Logo
Home
မြန်မာသတင်း
ဂက်စ်ပိုက်လိုင်းကြောင့် သီပေါတောင်သူများ လယ်ယာစိုက်ပျိုးရေး အခက်တွေ့ 
DVB
·
June 8, 2012
ဂက်စ်ပိုက်လိုင်းကြောင့် သီပေါတောင်သူများ လယ်ယာစိုက်ပျိုးရေး အခက်တွေ့ 
Donate to DVB

ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံထိ သွယ်တန်းသွားတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့်  ရှမ်းပြည်နယ် သီပေါမြို့နယ်ထဲက တောင်သူလယ်သမားတွေ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်မှုနဲ့ ကြုံနေရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တောင်ဘက် ၅ မိုင်ကျော်မှာရှိတဲ့  ရွာပေါင်း ၁၀ ရွာလောက် က တောင်သူလယ်သမားတွေ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် အခက်တွေ့နေကြရတာပါ။  ကုမ္ပဏီကနေ  ပိုက်လိုင်းလာရောက် သွယ်တန်းပြီး မြေတွေပြန်ဖို့ရာမှာ မြေသားကျစ်လျစ်ခိုင်မာမှု မရှိတဲ့အတွက် အဲဒီမြေပေါ် ဖြတ်သွားဖြတ်လာလုပ်တဲ့ ကျွဲနွားနဲ့ လှည်းတွေ၊ ထော်လာဂျီတွေ မကြာခဏ ကျွံကျတဲ့အပြင် လယ်ထဲကို  ရေသွင်းတဲ့အခါမှာလည်း အခက်အခဲတွေ ကြုံနေရတယ်လို့ သီပေါဒေသခံ တဦးက ခုလိုပြောပါတယ်။

“နမ္မတူမြို့နယ်ကနေ ကျနော်တို့ ဒုဋ္ဌဝတီမြစ်ကို ကျော်လွှားပြီးတော့ ပစ္စည်းတွေ၊ ပိုက်လုံးတွေ လာထားပြီးတော့ ရွှေ့ပေးမယ် ဆိုပြီးတော့ ကတိကဝတ် နဲ့ ပြောပြီးတော့ နောက်ပိုင်းမှာ မရွှေ့ဘဲနဲ့  လယ်တောတွေက အခု ရေပြန်သွင်း ပြန်ထည့်တော့ အခက်အခဲ ကြုံနေရတာ။ တောင်ယာမှာလည်း ဒီအချိန် မိုးနည်းနည်း ရောက်လာတော့ စိုက်ဖို့ လိုနေပြီ။ တချို့မှာလည်း နွေစပါးစိုက်ပြီးတော့ ၁၅ ရက်တွင်း စိုက်ပြီးတော့ မြေကြီးတွေက ရေမသောက်ရဘဲနဲ့ အက်ကွဲတာလည်း အများကြီး ရှိပါတယ်။ ဒီပိုက်လိုင်းမှာ အိမ်ပါ ဖျက်ရတဲ့ ကိစ္စတွေလည်း ဘူဒိုဇာနဲ့ ခြိမ်းခြောက်ပြီးတော့ ရွှေ့ပေးမလား မရွှေ့ပေးမလား ဆိုပြီးတော့ စက်နှိုးပြီးတော့ ခြိမ်းခြောက်ပြီး ကျနော်တို့ ရွှေ့နေရတာလည်း သုံးလေးအိမ် ရှိပါတယ်။”

ဒီလို ပြဿနာကို ရင်ဆိုင်နေရတဲ့ ရွာတွေကတော့ ပန်ကေ၊ ပန်ကျီ၊ ဟိုမော်၊ ရွာဟောင်း၊ ဈေးရွာ၊ နားဖန် စတဲ့ ကျေးရွာတွေဖြစ်ပြီး  ဒီရွာတွေဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုပဲ အဓိက အားထား လုပ်ကိုင်နေတာကြောင့် အခုလို မိုးဦးရာသီမှာ လုပ်ငန်းမစနိုင်ရင် တနှစ်စာ ၀မ်းစာစပါးတွေ အခက်အခဲရှိမှာကို ဒေသခံလယ်သမားတွေ စိုးရိမ်ပူပန်နေကြတာပါ။

ဒီပြဿနာအခက်အခဲတွေကို မြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ နိုင်ငံရေးပါတီတွေကို အကြိမ်ကြိမ်တင်ပြခဲ့ပြီး ဒီပြဿနာတွေကို  ဒေသခံ အာဏာပိုင်တွေ ကိုယ်တိုင်  နေ့စဉ်မြင်တွေ့နေပေမယ့်    ဖြေရှင်းပေးတာ မရှိသေးဘူးလို့ သိရပါတယ်။

ရခိုင်ပြည်နယ် ပင်လယ်ကမ်းလွန်က ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေ  တရုတ်နိုင်ငံကို ရောင်းချဖို့ အတွက် ပိုက်လိုင်းတွေ သွယ်တန်းနေရာမှာ သီပေါမြို့နယ်ကို သွယ်တန်းဖြတ်သွားတဲ့ ပိုက်လိုင်း အရှည်က  မိုင် ၂၀ လောက်ရှိပြီး ဒီစီမံကိန်းကြောင့် သီပေါနယ်မှာ လယ်မြေဧကပေါင်း ရာနဲ့ချီအသိမ်းခံခဲ့ရ တာပါ။   ဒီနှစ်ဆန်းပိုင်းမှာ ကုမ္ပဏီက လျော်ကြေးငွေတွေ  ပြန်ပေးခဲ့ပေမယ့် တသက်စာ လုပ်စားနိုင်တဲ့ မြေတွေဆုံးရှုံးရတာနဲ့စာလိုက်ရင်  လျော်ကြေးက မဖြစ်စလောက်ဘဲ ရှိတယ် လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013