Sunday, May 28, 2023
HomeLead Storyထိုင်းသင်္ကြန် ၂ ရက်အတွင်း ယာဉ်တိုက်မှု ၁၀၀၀ ကျော်ဖြစ်၊ ၉၉ ဦး သေဆုံး

ထိုင်းသင်္ကြန် ၂ ရက်အတွင်း ယာဉ်တိုက်မှု ၁၀၀၀ ကျော်ဖြစ်၊ ၉၉ ဦး သေဆုံး

ထိုင်းနိုင်ငံ ဆုန်ကရန်သင်္ကြန်ပွဲတော် ပထမဦးဆုံး ၂ ရက်အတွင်း လမ်းမပေါ်မှာ ယာဉ်တိုက်မှု ၁၀၂၆ ခု ဖြစ်ခဲ့ပြီး လူ ၉၉ ဦး သေဆုံးကာ ၁၀၈၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဝန်ကြီး အာခွမ်တမ်ပစ်တယာပိုင်ဆစ်က ဆုန်ကရန်ရေကစားပွဲတော် “သေဆုံးမှုအန္တရာယ်ရှိသော ၇ ရက်” ရဲ့ ပထမဦးဆုံး ၂ ရက်ဖြစ်တဲ့ ဧပြီ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ လမ်းပေါ်မှာ ထိခိုက်သေဆုံးမှုနှုန်းနဲ့ ပတ်သက်လို့ အသေးစိတ်ကို ဧပြီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

ယာဉ်မတော်တဆမှုရဲ့ ၄၃ ရာခိုင်နှုန်းက မူးယစ်ပြီးမောင်းတာကြောင့်ဖြစ်ပြီး ၂၄ ရာခိုင်နှုန်းကတော့ အမြန်မောင်းတာကြောင့် ဖြစ်ကြောင်း၊ မတော်တဆမှုရဲ့ ၇၉ ရာခိုင်နှုန်းထဲမှာ မော်တော်ဆိုင်ကယ်တွေ ပါဝင်နေပါတယ်။ မတော်တဆမှု အများစုကလည်း လမ်းအဖြောင့်တွေပေါ်မှာ ဖြစ်တာလို့ ဝန်ကြီးက ပြောပါတယ်။

ချင်းရိုင်ခရိုင်မှာတော့ ယာဉ်မတော်တဆမှုအမြင့်ဆုံးနဲ့ ၃၈ မှုဖြစ်ခဲ့ပြီး လူ ၄၁ ဦး ဒဏ်ရာ ရရှိကာ ဖက်ချာဘန်၊ နာ့ခွန်ရက်ချာဆီမာနဲ့ ဘူရီရမ်ခရိုင်တွေမှာ လူ ၅ ဦးစီ သေဆုံးကာ သေဆုံးမှု အမြင့်ဆုံး ဖြစ်နေတာပါ။

ဧပြီ ၁၂ ရက်နေ့ တရက်တည်းမှာပဲ မတော်တဆမှု ၅၇၉ ခုဖြစ်ကာ လူ ၆၀ သေဆုံးပြီး ၆၂၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတော်ငြိမ်းချမ်းရေးကောင်စီရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဆရီချန်ငထွန်က ဆုန်ကရန် ၂ ရက်အတွင်း ယာဉ်စည်းကမ်းချိုးဖောက်လို့ အမောင်းလိုင်စင် ၄၆၂၈ ခု သိမ်းဆည်းကာ ချိုးဖောက်သူ ၃၈၅၄၆ ဦးကို တရားစွဲခဲ့ရတယ်လို့လည်း ပြောပါတယ်။

အဝေးပြေးလမ်းရဲအရာရှိက ဘန်ကောက်မြို့နဲ့ အရှေ့ကနေ မြောက်ဘက်ဆီသွားတဲ လမ်းတွေ၊ အရှေ့မြောက်ဘက်လမ်းတွေပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှု ဧပြီလ ၁၃ ရက်နေ့ထိ မြင့်တက်နေဆဲဖြစ်ပေမယ့် ၁၂ ရက်နေ့ထက်တော့ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းတယ်လို့ ပြောလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular