ကျောင်းသားသမဂ္ဂနှင့် ဆရာဆရာမကိုယ်စားလှယ်များကို ပညာရေးဘုတ်အဖွဲ့တွင်ပါဝင်ခွင့်ပြုမည်
ပိုင်စိုး
·
April 11, 2018
ကျောင်းသားသမဂ္ဂနဲ့ ဆရာ၊ ဆရာမများ အသင်းအဖွဲ့တွေက ကိုယ်စားလှယ်တွေကို သက်ဆိုင်ရာ တက္ကသိုလ်ကျောင်းတွေရဲ့ ပညာရေးဘုတ်အဖွဲ့ထဲမှာ ထည့်သွင်းဖို့ အကြောင်းကြားထားတယ်လို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက “အဲဒီ သမဂ္ဂ၊ အဖွဲ့တွေက ရွေးကောက်ပွဲလုပ်ပြီး တရားဝင် ဖွဲ့စည်းထားဖို့လိုပါတယ်။ ပြီးရင် ကျောင်းသားဘက်က ကိုယ်စားလှယ် ၂ ယောက်၊ ဆရာဘက် ကိုယ်စားလှယ် ၂ ယောက်ကို ပညာရေးအဖွဲ့နဲ့ စီမံခန့်ခွဲရေးအဖွဲ့မှာ ထည့်ဖို့ပါ” လို့ ပြောပါတယ်။
ကျောင်းသားသမဂ္ဂတွေ ဖွဲ့နိုင်ဖို့ကိုလည်း သက်ဆိုင်ရာ ကျောင်းတွေကို ညွှန်ကြားထားပြီး ဖွဲ့ပြီးသားကျောင်းတွေရှိသလို တချို့ကျောင်းတွေကတော့ ကျောင်းပိတ်ချိန်နီးနေတာကြောင့် ပြန်ဖွင့်မှ ဖွဲ့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဒါဟာပညာရေးဘုတ်အဖွဲ့မှာ ပထမဆုံးပါဝင်ခွင့်ရတာဖြစ်ပြီး အသင်းအဖွဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ပညာရေးအဖွဲ့၊ စီမံခန့်ခွဲရေးအဖွဲ့မှာ ပါဝင်ပြီး အစည်းအဝေးတွေ တက်ရမှာ ဖြစ်သလို ကျောင်းရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာလည်း ပါဝင်လာဖို့အတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေကို ညွှန်ကြားထားပါတယ်။