Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ဝန်ကြီး ၁ဦးကို ရာထူးကရပ်စဲရန်ကိစ္စ စုံစမ်းရေးအဖွဲ့လွှတ်တော်ဖွဲ့စည်း
ပိုင်စိုး
·
April 10, 2018
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတယောက်ကို ရာထူးကရပ်စဲဖို့ လွှတ်တော် ကိုယ်စားလှယ်တချို့က တင်ပြလာတဲ့အပေါ် ရခိုင်ပြည်နယ်လွှတ်တော်က စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းဟာ ဥပဒေအရ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ မဆောင်ရွက်နိုင်တာ၊ ဘဏ္ဍာရေးနှစ်အလိုက် ပြည်နယ်ရဲ့ ခွင်ြ့ပုရန်ပုံငွေတွေကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ မဆောင်ရွက်နိုင်တာကြောင့် မြို့နယ်အလိုက် ဆောင်ရွက်ရမယ့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ထိခိုက်ဆုံးရှုံးနေလို့ ရာထူးကရပ်စဲဖို့ လွှတ်တော်ကိုယ်စားလှယ် ၁၂ ယောက်က စာနဲ့ တင်ပြ လာတယ်လို့ လွှတ်တော်ဥက္ကဋ္ဌရဲ့ စာမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ် ၅ ယောက်ပါတဲ့ စုံစမ်းရေးအဖွဲ့ကို မနေ့က ဖွဲ့စည်း ပေးလိုက်တာပါ။ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးနိုင်ကြွေးအေးက “မနေ့ကမှ ဖွဲ့လိုက်တာဆိုတော့ ကျနော်တို့ လည်း ဘာမှမလုပ်ရသေးဘူး။ သင်္ကြန်ပြီးမှပဲ စလုပ်နိုင်မယ်။ ဥပဒေအကြံပေးတွေနဲ့လည်း တွေ့ဆုံရပါမယ်။ ပြည်သူတွေနဲ့လည်း တွေ့မယ်။ အစီရင်ခံစာ ပြန်တင်ရမှာက မေလ ၃၀ ရက်ပါ” လို့ ပြောပါတယ်။ မကြာသေးခင်ကလည်း ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးကို လွှတ်တော်က စုံစမ်းစစ်ဆေး ပြီးတဲ့နောက် တာဝန်က ရပ်စဲခဲ့ပါသေးတယ်။ ဝန်ကြီး ဦးကျော်အေးသိန်းဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက်ကလည်း ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024