အာဆင်နယ်-ဆောက်သမ်တန်၊ ချဲလ်ဆီး-ဝက်စ်ဟမ်း ပရီးမီးယားလိဂ်ပွဲစဉ်များ

  ဒီတပတ် ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ ဆောက်သမ်တန်၊ ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းတို့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကြမှာပါ။ အာဆင်နယ်-ဆောက်သမ်တန် တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ကြိုးစားမယ့် ဆောက်သမ်တန်ကြောင့် အိမ်ရှင် အာဆင်နယ်အသင်း အခက်တွေ့ဖွယ် ရှိနေပါတယ်။ အာဆင်နယ်ကလည်း လက်ရှိ ၅၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၆ မှာ ရပ်တည်နေပြီး ထိပ်ဆုံးလေးသင်းအတွင်းဝင်ရေး မျှော်လင့်ချက် မရေမရာ ဖြစ်နေတာပါ။ ဒါကြောင့်လည်း လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရေးအတွက် ယူရိုပါလိဂ်မှာ ဗိုလ်စွဲနိုင်အောင် အားထည့်ကစားနေတာ တွေ့ရပါတယ်။ ပရီးမီးယားလိဂ်မှာတော့ နည်းပြ အာစင်ဝင်းဂါးရဲ့ အာဆင်နယ်အသင်းဟာ ရလဒ်တွေ မတည်ငြိမ်ဘဲ ပရိသတ်တွေရဲ့ ဖိအားပေးတာကို ခံနေရပါတယ်။ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ငါးပွဲမှာ သုံးပွဲရှုံးပြီး နှစ်ပွဲပဲ အနိုင်ရခဲ့တာပါ။ အာဆင်နယ်အတွက် အားတက်စရာတခုကတော့ တိုက်စစ်မှူး လာကာဇက်တီ ဒဏ်ရာကနေ ပြန်ကောင်းလာပြီး အသင်းအတွက် ဂိုးတွေ ပြန်သွင်းပေးနေနိုင်တာ တွေ့ရပါတယ်။ ဆောက်သမ်တန်အသင်းဟာ နည်းပြသစ် ခန့်အပ်ပြီးနောက် ပထမဆုံးယှဉ်ပြိုင်တဲ့ အက်ဖ်အေဖလား ကွာတားပွဲမှာ ဝီဂန်ကိုနိုင်ပြီး ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့တပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ဝက်စ်ဟမ်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာလည်း ရမှတ် ၂၈ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၈ မှာ ရပ်တည်နေတာမို့ ဆောက်သမ်တန် အမှတ်ရရေး ရုန်းကန်လာမှာကတော့ သေချာလှပါတယ်။ ဆောက်သမ်တန်ဟာ ပရီးမီးယားလိဂ် နောက်ဆုံးငါးပွဲမှာလည်း နှစ်ပွဲသရေ၊ သုံးပွဲရှုံးခဲ့တဲ့အတွက် အခုပွဲစဉ်မှာတော့ အမှတ်မဆုံးအောင် ကြိုးစားလာမယ်လို့ မျှော်လင့်ရပါတယ်။ ဒီနှစ်သင်း ပထမအကျော့ ဆောက်သမ်တန်ကွင်းမှာ ၁ ဂိုးစီသရေကျခဲ့သလို အခု ဒုတိယအကျော့မှာလည်း ယူရိုပါလိဂ်ကို အာရုံစိုက်နေတဲ့ အိမ်ရှင်ကြောင့် ဆောက်သမ်တန် သရေတမှတ် မျှော်လင့်နိုင်ခွင့် ရှိနေပါတယ်။ ချဲလ်ဆီး-ဝက်စ်ဟမ်း ပြီးခဲ့တဲ့တပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးကို ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီးမှ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ ပေါက်ကွဲအားကို ပြန်လည်မြင်တွေ့ရပါလိမ့်မယ်။ ချဲလ်ဆီးဟာ လက်ရှိ အမှတ်ပေးဇယားမှာ ရမှတ် ၅၆ မှတ်နဲ့ အဆင့် ၅ မှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက စပါးနဲ့ ၈ မှတ်၊ အဆင့် ၆ နေရာက အာဆင်နယ်နဲ့ ၅ မှတ် ကွာဟနေတာပါ။ ဒါကြောင့်လည်း လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရေး ထိပ်ဆုံးလေးသင်းထဲဝင်နိုင်ဖို့ မျှော်လင့်ချက် အနည်းငယ်အတွက် လက်ကျန်ပွဲတွေကို အမှားမခံဘဲ ကစားမှာဖြစ်သလို အာဆင်နယ်ရဲ့ ကျော်တက်ခြင်းမခံရအောင်လည်း သတိထား ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဖိအားတွေနဲ့ ယှဉ်ဆိုင်နေရတဲ့ ချဲလ်ဆီးနည်းပြ ကွန်တီအတွက်လည်း လက်ကျန်ပွဲစဉ်တွေဟာ အရေးပါနေသလို အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာမယ့် ချဲလ်ဆီးအသင်း ဝက်စ်ဟမ်းကို အသာစီးယူ ဖိအားပေးကစားလာဖို့ ရှိနေပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ လက်ရှိ ရမှတ် ၃၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၄ မှာ ရပ်တည်နေပြီး တန်းဆင်းဇုန်အန္တရာယ် ရှိနေပေမယ့် ဒဏ်ရာရ ကစားသမား များပြားနေတာကြောင့် အိမ်ရှင် ချဲလ်ဆီးကို ယှဉ်နိုင်ဖို့ ခက်လှပါတယ်။ ဒါ့အပြင် ဝက်စ်ဟမ်းဟာ ပရီးမီးယားလိဂ် အဝေးကွင်း နောက်ဆုံးသုံးပွဲဆက် ရှုံးနိမ့်ခဲ့ပြီး အဲဒီသုံးပွဲမှာ နောက်တန်းကလည်း ၁၁ ဂိုးအထိ ပေးခဲ့ရပါတယ်။ ဒီနှစ်သင်း ပထမအကျော့မှာ ဝက်စ်ဟမ်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် အခု ဒုတိယအကျော့ ချဲလ်ဆီးကွင်းမှာတော့ ဝက်စ်ဟမ်း အသာရဖို့ မဖြစ်နိုင်ဘဲ ချဲလ်ဆီးတိုက်စစ်က ဂိုးတွေ လိုအပ်သလောက် သွင်းပြီး အနိုင်သုံးမှတ် ရယူသွားမယ်လို့ သုံးသပ်မိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up