ဗိုလ်မှူးအာကာဝင်း၏ကျန်ရစ်သူ မိသားစုထံ ဒေါ်အောင်ဆန်းစုကြည် အားပေးစကားပေးပို့
DVB
·
April 7, 2018
တိုက်လေယာဉ်ပျက်ကျပြီး ကျဆုံးခဲ့တဲ့ ဗိုလ်မှူးအာကာဝင်းရဲ့ ကျန်ရစ်သူ ဇနီးထံ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က အားပေးစကား ပေးပို့ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့စာမှာ ဧပြီ ၃ ရက်နေ့ မနက်ပိုင်းက တောင်ငူလေတပ် စခန်းဌာနချုပ်မှ ဗိုလ်မှူး အာကာဝင်းဟာ F7 လေယာဉ်နဲ့ လေ့ကျင့်ပျံသန်းစဉ် စက်ချွတ်ယွင်းခဲ့ပေမယ့် မိမိအသက်ရှင် လွတ်မြောက်ရေးကို ပဓာနမထားဘဲ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပြီး ကျဆုံးခဲ့တယ်လို့ သိရကြောင်း ပါရှိပါတယ်။
အခုလို စွမ်းဆောင်ရင်း ကျဆုံးသွားတဲ့အတွက် ကျန်ရစ်သူ ဇနီး မမြတ်မြတ်သစ် မိသားစုနဲ့အတူ ထပ်တူ ကြေကွဲဝမ်းနည်းရပါကြောင်း ဧပြီ ၄ ရက်နေ့စွဲနဲ့ ပေးပို့ခဲ့တာလို့ အတိုင်ပင်ခံရုံးက မနေ့က သတင်းထုတ်ပြန်ပါတယ်။
ဗိုလ်မှူးအာကာဝင်းဟာ လေယာဉ်ပေါ်ကနေ အလွတ်ရုန်းပြီး ခုန်ထွက်ရင် လွတ်မြောက်နိုင်ပေမယ့် ကျွန်းကုန်းရွာအပေါ် လေယာဉ်ပျက်ကျသွားနိုင်တာကြောင့် ခုန်မထွက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ချီးကျုးဂုဏ်ပြုခဲ့ပါတယ်။