Home
မြန်မာသတင်း
မန္တလေး လမ်းလျှောက်သင်္ကြန်တွင် ယာဉ်အပ်ခနှုန်းထား ပိုကောက်ခံလျှင် အရေးယူမည်
DVB
·
April 6, 2018
မန္တလေးမြို့ လမ်းလျှောက်သင်္ကြန်နဲ့ တောသင်္ကြန်မှာ ယာဉ်အပ်ခ နှုန်းထားတွေကို ပိုမိုတောင်းခံရင် အရေးယူသွားမယ်လို့ မန္တလေးမြို့စည်ပင်သာယာရေး ကော်မတီက ပြောပါတယ်။ “ယာဉ်အပ်ခ နှုန်းထားတွေကို အပ်တဲ့နေရာမှာ ဗွီနိုင်းနဲ့ချိတ်ထားမှာပါ။ ပိုတောင်းရင် တိုင်ကြားနိုင်ဖို့ ဖုန်းနံပါတ်ပါ ထည့်ပေးထားပါတယ်။ ကျုံးအနီး အိမ်တွေကလည်း ကိုယ့်အိမ်ရှေ့ ဆိုင်ကယ်အပ်ခတောင်းချင်ရင် စည်ပင်ကိုလာပြောပါ။ သတ်မှတ်နှုန်းထားထက် ပိုတောင်းမိရင် ဒဏ်ငွေ ၂ သိန်းကျပ် ရိုက်ပါမယ်” လို့ အခွန်ဌာနကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပါတယ်။ သင်္ကြန်ကာလအတွင်း ကျုံးဝန်းကျင် ယာဉ်အပ်နှံနိုင်မယ့် နေရာ ၁၃ နေရာရှိပြီး စက်ဘီး ကျပ် ၁၀၀၊ ဆိုင်ကယ်အပ်ခ ကျပ် ၂၀၀၊ မော်တော်ကားအပ်ခ ကျပ် ၅၀၀ ဖြစ်ပါတယ်။ ယာဉ်အပ်နှံမယ့်နေရာလေလံကို ဒီကနေ့ ကျင်းပမှာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် မန္တလေးမြို့တော် မဟာသင်္ကြန်ရဲ့ ဗဟိုမဏ္ဍပ်မှာ ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်၊ တေးသံရှင် စိန်ဝင်းထွန်း၊ ထွန်းအိန္ဒြာဗို၊ သျှီ၊ အိမ့်ချစ်၊ ဇာနည်အောင်၊ ချစ်စမ်းမောင်နဲ့ အငဲတို့ရဲ့သမီးတွေကအစ ပါဝင်မှာဖြစ်ပြီး စိန်တင့်လွင်မြန်မာဆိုင်းဝိုင်း၊ မြို့မတူရိယာ သံစုံတီးဝိုင်းနဲ့ green lover တေးဂီတအဖွဲ့နဲ့ ဖျော်ဖြေမှာ ဖြစ်ပါတယ်။ မန္တလေး သင်္ကြန်ပွဲတော်ဖွင့်ပွဲကို ကျုံးတောင်ဘက် မင်္ဂလာတံတားကနေ စည်၊ မောင်းတွေနဲ့အတူ ရတနာပုံခေတ်အတိုင်း ဝင်းခင်းပုံစံတွေ ပါဝင်မှာဖြစ်ပါတယ်။ သင်္ကြန်အကြိုနေ့ မနက် ၆ နာရီခွဲမှာ သံဃာတော်အပါး ၁၀၈ ပါးကို ဆွမ်းလောင်းလှူမှာပါ။ မနက် ၇ နာရီခွဲမှာ ကျောင်းသူ ၅၀၀ က ငြိမ်းချမ်းရေး မိုးပျံပူဖောင်းတွေလွှတ်ပြီး ယိမ်းအကတွေ ပါဝင်ကပြမှာ ဖြစ်ပါတယ်။ ကျုံးတောင်ဘက် လမ်းလျှောက်သင်္ကြန်မှာ တိုင်းရင်းသားဖျော်ဖြေရေးမဏ္ဍာပ်နဲ့ စတုဒီသာမဏ္ဍပ်တွေ ရှိမှာဖြစ်သလို ကျုံးအရှေ့ဘက် တောသင်္ကြန်မှာ ရှေးယခင်က ပိတ်ကားထောင်ရုပ်ရှင်ကို ပြန်လည်ပုံဖော်မှာဖြစ်ပြီး ရုပ်သေးအက၊ ဒိုးပတ်ဝိုင်းအက၊ ဖျော်ဖြေမူတွေ အစားသောက်ဘေးအန္တရာယ်ကင်း ပညာရေးအသိ စစ်ဆေးထားတဲ့ စားသောက်တန်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။ မနှစ်က ရေကစားမဏ္ဍပ် ၂၀ ကျော်ရှိခဲ့ပြီး ဒီနှစ်မှာ မဏ္ဍပ်ပေါင်း ၅၀ ကျော်ရှိတယ်လို့ စည်ပင်သာယာရေးကော်မတီက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024