Home
မြန်မာသတင်း
ပြောက်ကျားစစ် ဆင်နွှဲမည်ဖြစ်၍ ရွှေနှင့်ပယင်းတူးသူများ ထွက်ခွာရန် ကေအိုင်အေ သတိပေး
နော်နိုရင်း
·
April 5, 2018
  ကချင်ပြည်နယ် ဟူးကောင်းခရိုင်နယ်မြေတွင်း ပြောက်ကျားစစ်ဆင်နွှဲမှာ ဖြစ်တာကြောင့် ရွှေနဲ့ ပယင်းတူးဖော်လုပ်ကိုင်သူတွေ အမြန်ဆုံးထွက်ခွာဖို့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) က ဒီနေ့ရက်စွဲနဲ့ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ဟူးကောင်းခရိုင်နယ်မြေဒေသရှိ ရှုဒူးဇွတ်ဂျာဝန်၊ နန်ဂျူ၊ နန်ကွမ်း၊ တုံမဏီ၊ တဂွမ်ချောင်း၊ ဒဘာချောင်းဖျားက ရွှေမှော်တွေနဲ့ ပယင်းမှော်တွေမှာ ရွှေနှင့်ပယင်း ခိုးတူးနေကြတဲ့ လုပ်ငန်းရှင်တွေ၊ လက်လုပ်လက်စားတွေကို အမြန်ဆုံးထွက်ခွာပေးဖို့ သတိပေးကြေညာ လိုက်တာပါ။ ဧပြီ ၁၀ ရက်နေ့က စတင်ပြီး ပြောက်ကျားစစ်ဆင်ရေး၊ မိုင်းစစ်ဆင်ရေး ပြုလုပ်မှာဖြစ်တဲ့ အတွက် ရွှေမှော်၊ ပယင်းမှော်တွေမှာ ခိုးတူးလုပ်ကိုင်နေကြတဲ့ ပြည်သူတွေ မိမိရပ်ရွာကို အမြန်ဆုံးထွက်ခွာသွားကြပါဖို့ သတိပေးထားပါတယ်။ ဒီထုတ်ပြန်ချက်ဟာ မှန်ကန်ကြောင်းနဲ့ ပြည်သူတွေ မထိခိုက်အောင် ထုတ်ပြန်တာလို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ခွန်ဂျာက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ သိရသလောက်ကတော့ ဒီတပ်ရင်း ၁၄ နယ်မြေမှာ ရွှေထွက်တယ်။ ပယင်း ထွက်တယ်။ ရွှေတူးတယ်။ ပယင်းတူးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ မြန်မာနိုင်ငံအနှံ့က  ပြည်သူလူထုတွေက အဲဒီမှာ လုပ်ကိုင်စားသောက်နေတယ်။ လွန်ခဲ့တဲ့ ဇွန်လတုန်းက တပ်မတော် က အဲဒီမှာ ရွှေတူး၊ ပယင်းတူးတဲ့ အဖွဲ့တွေကော ဒေသခံအားလုံးကိုလည်း လွတ်ကင်းရာကို ထွက်ပါလို့ စာဖြန့်ခဲ့တာရှိတယ်။ အဲဒီစာဖြန်တဲ့အပေါ်မှာ ပြည်သူလူထုတွေလည်း အဲမှာ ထွက်ပြီးတော့မှ အခုလောလောဆယ် တနိုင်းမှာပေါ့လေ။ ရှိနေပြီဖြစ်တယ်။ အဲဒါကြောင့်မို့လို့ သူတို့ထွက်သွားပြီးတဲ့နောက်မှာ တိုက်ပွဲကလည်း  လွန်ခဲ့တဲ့ ၁ လ၊ ၂ လတုန်းက တော်တော်လေး အကြီးအကျယ်ဖြစ်ခဲ့တယ်လေ။ အဲဒီဖြစ်ခဲ့တဲ့အပေါ်မှာ ကေအိုင်အေတပ်ရင်း ၁၄ ကလည်း သူတို့ ရှောင်ပေးလိုက်ရတဲ့အဆင့်အထိ ဖြစ်သွားတယ်။ အဲဒါကြောင့် ကျနော်တို့သိရသလောက် တန်ပြန် စစ်ဆင်ရေးသဘောနဲ့ ပြန်လုပ်မယ်။ အဲလို ပြန်လုပ်လာလို့ရှိရင် အဲဒီမှာ လုပ်ကိုင်စားသောက်နေ တဲ့ ပြည်သူတွေအနေနဲ့ ထိခိုင်ဒဏ်ရာတွေ ဖြစ်သွားမှာစိုးလို့ သူတို့အနေနဲ့ ထွက်ပေးဖို့အတွက် ထုတ်ပြန်တယ်လို့ သိရတယ်။” ဒီသတိပေးချက်ကို မလိုက်နာဘဲ ဆက်လက်တူးဖော်လုပ်ကိုင်မယ်ဆိုရင် ဖြစ်ပေါ်လာတဲ့ ပြဿနာဟာ မိမိတို့ရဲ့ ကံကြမ္မာသာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အဲဒီဒေသမှာ လုပ်ကိုင်စားသောက်ကြတဲ့ ပြည်သူတွေ ထွက်ခွာပေးဖို့ အစိုးရတပ်မတော်ကလည်း သတိပေးချက်ထုတ်ပြန်ခဲ့ဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024