ရခိုင်ပြည်နယ် လူသတ်မှုအပေါ် ၈၈ မျိုးဆက်ကျောင်းသားများ မေတ္တာရပ်ခံ
DVB
·
June 4, 2012

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများကို ရပ်တန့်ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ဖို့အတွက် သက်ဆိုင်ရာ ဘာသာအသီးသီးက ဆရာတော်ကြီးတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီနဲ့ လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေ၊ ဋ္ဌာနဆိုင်ရာ အသီးသီးရဲ့တာဝန်ရှိ ပုဂ္ဂိုလ်တွေ အားလုံးအနေနဲ့ မေတ္တာကို အခြေခံ၍ ဝိုင်းဝန်း ထိန်းသိမ်း ဆောင်ရွက်ပေးကြဖို့ ၈၈ မျိုးဆက် ကျောင်းသားတွေက မေတ္တာရပ်ခံ လိုက်ပါတယ်။
မေ ၃ ရက်နေ့ညနေပိုင်းက သံတွဲကနေ ရန်ကုန်ကိုလာတဲ့ ကားပေါ်ပါ မွတ်စလင် ၁၀ ဦးကို အမည်မသိ လူတစုက တုတ်-ဓားလက်နက်တွေနဲ့ သတ်ဖြတ်ခဲ့မှုအပြီး ၈၈ မျိုးဆက် ကျောင်းသားများရဲ့ တိုက်တွန်းချက် ဖြစ်ပါတယ်။
အဲဒီအဖွဲ့က ဒီနေ့ထုတ်ပြန်တဲ့ ပန်ကြားချက်စာ မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟာ နှစ်ပေါင်းများစွာ ဘာသာစုံ၊ လူမျိုးစုံ၊ ယဉ်ကျေးမှုစုံလင်စွာဖြင့် အေးချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင်ခဲ့တဲ့ နိုင်ငံဖြစ်ပြီး ဘာသာရေး ကွဲပြားခြားနားမှုအပေါ် ပဋိပက္ခ အနည်းဆုံးနဲ့ သည်းခံခြင်း တရား ပြည့်ဝတဲ့ လူမှုအဖွဲ့အစည်း လည်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုအခါ ရခိုင်ပြည်နယ်မှာ ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုတဲ့ ပဋိပက္ခတွေ၊ အဓိကရုဏ်းတွေ ဖြစ်ပွားနေတယ် လို့ ကြားသိရတဲ့အကြောင်း ဖော်ပြထားပြီး မတရားပြုကျင့်ပြီး သတ်ဖြတ်တာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ စတာတွေဟာ ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းမှာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့အပြင် ဘယ်ဘာသာတရားကမှလည်း လက်သင့်ခံနိုင်မှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီအခြေအနေဆိုးတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို အကျိုးမပြုနိုင်ရုံမျှမက နောက်ကြောင်း ပြန်လှည့်သွားနိုင်သော ထောင်ချောက်များသာ ဖြစ်သည်ကို သတိပြုမိစေချင်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
ရခိုင်ပြည်နယ်တွင်း အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ အာဏာပိုင်တွေက တရားဥပဒေအရ တိတိကျကျ အရေးယူဆောင်ရွက်ဖို့ ၈၈ မျိုးဆက်ကျောင်းသားများက တိုက်တွန်းပြောဆိုပါတယ်။
