အိုင်အက်စ်အဖွဲ့ကို နှိမ်နင်းနိုင်ခဲ့သည့် ဆီးရီးယားကို ရုရှားထောက်ခံ

အစ္စလာမ္မစ်အမည်ခ့ အိုင်အက်စ် အကြမ်းဖက်အဖွဲ့တွေကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့တဲ့ ဆီးရီးယားအစိုးရကို အပြည့်အ၀ထောက်ခံတယ်လို့ ရုရှားက ပြောကြားလိုက်ပါတယ်။ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ဧပြီ ၄ ရက်နေ့က စတင်ကျင်းပတဲ့ နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ အစည်းအဝေးပွဲအတွင်း ဆီးရီးယားနိုင်ငံမှာ အိုင်အက်စ်တွေ ကျဆုံးခဲ့တာကို အဓိကပြောဆို ဆွေးနွေးခဲ့ကြပါတယ်။ “ဒီကနေ့ ကျနော်တို့ ပြောနိုင်တာက ရုရှားရဲ့ လေကြောင်းစစ်ဆင်ရေးရဲ့ အဓိကရလဒ်က ဆီးရီးယားမှာ အိုင်အက်စ်တွေ ကျဆုံးခဲ့တာပါ။ ဒါက ပြည်တွင်းစစ်အဆုံး သတ်နိုင်တဲ့ အခြေအနေကို ဖန်တီးနိုင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ ဒေသတွေမှာ တရားဥပဒေစိုးမိုးရေးကိုလည်း ပြန်လည်လုပ်ဆောင်နိုင်တော့မှာပါ” လို့ ရုရှားဒုဗိုလ်ချုပ်ကြီး  ဆာဂီရိုစကိုက ပြောကြားခဲ့တာပါ။ ဒါပေမယ့် အီရန်ကာကွယ်ရေးဝန်ကြီး အာမီရာဟတ်တမီကတော့  အိုင်အက်စ်တွေဟာ အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။ “အခုလိုအခြေအနေမျိုးမှာ ကျနော်တို့ရဲ့ ဒေသက တည်ငြိမ်မှုကင်းမဲ့နေဆဲဆိုတာကို  စိတ်မကောင်းစွာနဲ့ပဲ ပြောရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အိုင်အက်စ်တွေရဲ့ လှုပ်ရှားမှုက လုံးဝမရပ်တန့်သေးသလို  ဒေသတွင်းပဋိပက္ခတွေကြောင့် လုံခြုံရေးကလည်း ကင်းမဲ့နေပါတယ်” လို့ သတိပေးပြောကြားခဲ့ပါတယ်။ ဆီးရီးယားအစိုးရဘက်ကတော့ အိုင်အက်စ်တွေကို နှိမ်နင်းနိုင်ခဲ့ရာမှာ ရုရှားရဲ့ လေကြောင်းစစ်ဆင်ရေးက အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up