Home
မြန်မာသတင်း
e-Government ဖြစ်မြောက်ရေး  နှောင့်နှေးနေဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
April 5, 2018
  e-Government ဖြစ်မြောက်အောင်မြင်ရေး နှောင့်နှေးနေတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဧပြီ ၄ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ e-Government ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပြီး မြန်မြန်တိုးတက်အောင်လုပ်ဖို့ အချက် ၃ချက်လိုအပ်ကြောင်းလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။ “e-Government မြန်မြန်လုပ်ဖို့၊ တိုးတက်ဖို့ဆိုရင် အချက် ၃ ချက်က အဓိက ဖြစ်ပါတယ်။ ကျွမ်းကျင်မှုလိုအပ်ချက်ရှိမယ်၊ ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်ရှိမယ်၊ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ချက်ရှိမယ်။ ဒီလိုအပ်ချက် ၃ ခုစလုံး ဖြည့်ဆည်းဖို့အခုလိုအစည်းအဝေးခေါ်တာလို့ နားလည်ပါတယ်။” အဆိုပါ အချက်သုံးချက်ထဲမှာ အဓိက အမြန်ဆုံးစတင်လုပ်ရမှာကတော့ ပူးပေါင်း ဆောင်ရွက်မှုပဲဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့အပြင် e-Government လုပ်ဆောင်တာရဲ့ ရည်ရွယ်ချက်က ပြည်သူလူထုအတွက် အဆင်ပြေဖို့ဆိုတဲ့အထဲမှာ မြန်မြန်ဆန်ဆန် အလုပ်ပြီးဖို့လည်းပါသလို အဂတိလိုက်စားမှု ပပျောက်သွားဖို့လည်းပါဝင်ပါတယ်လို့လည်းဆိုပါတယ်။ e-Governmentနဲ့ ပတ်သက်လို့ အစိုးရနှစ်နှစ်တာတာဝန်ယူကတည်းက ကြိုးပမ်းခဲ့ပေမယ့် ပူးပေါင်းဆောက်ရွက်မှု၊ ချိတ်ဆက်မှု အားနည်းတာတွေကြောင့် အောင်မြင်သင့် သလောက်၊ မျှော်မှန်းသလောက် တိုးတက်မှုမရှိဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန် ထောက်ပြခဲ့ပါတယ်။ e-Government ဦးဆောင်ကော်မတီအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုဝန်ကြီးတွေ၊ ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တွေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နာယက စသူတွေ တက်ရောက်ကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ ဓာတ်ပုံ-State Counsellor
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024