DVB Logo
Home
မြန်မာသတင်း
စစ်တွေဈေး အခွန်အကောက်နှုန်းမြင့်၍ ဆန္ဒပြရာမှ အဓိကရုဏ်းဖြစ်ပွား
DVB
·
June 4, 2012
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဈေးကောက်ခမြင့်တက်မှုကြောင့် ဆန္ဒပြမှုဖြစ်ပွားပြီး ရဲက အကြမ်းဖက် နှိမ်နင်းတဲ့အတွက် အနည်းဆုံး လူ ၁၀  ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့ နာဇီဈေးကြီးကို မြူနီစီပယ်ကနေ ပုဂ္ဂလိက လုပ်ငန်းရှင်လက်ထဲ ကန်ထရိုက်ပေးပြီးတဲ့နောက် ပိုင်း ဈေးကောက်ခ ၁၀ ဆလောက် မြင့်တက်လာတဲ့ အတွက် ဈေးသူဈေးသားတွေ မကျေမနပ်ဖြစ်ခဲ့ပါတယ်။

ဒီကိစ္စပြေလည်အောင် ကြိုးစားဆောင်ရွက်ပေးနေသူ တဦးဟာ ဈေးကောက်နဲ့ အချေအတင် စကားများပြီး   ပျောက်ဆုံးသွားရာက သူ့ကို ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်ကြောင်း ကောလာဟလ သတင်းတွေ ထွက်လာတဲ့အတွက် ဈေးသူဈေးသားနဲ့ ပြည်သူတွေ  စစ်တွေအမှတ် ၁ ရဲစခန်းမှာ  ဇွန်လ ၃ ရက်နေ့ည ၇ နာရီလောက်မှာ  ဆန္ဒပြခဲ့ကြတာလို့ ဒေသခံ တယောက်က ပြောပါတယ်။

“အောင်သန်းဝေဆိုတာက ဈေးကောက်တာမှာ မတော်မတရား ကောက်ခံတာတွေကို မလုပ်ဖို့အတွက် သူက ဦးဆောင်ပြီးလုပ်ခဲ့တာကို၊ ခေါင်းဆောင်လုပ်ခဲ့တဲ့တယောက်ကို သူတို့အဖွဲ့က မတော်မတရားလာပြီး နှိပ်စက်တယ်ဆိုပြီး သူ့နောက်ကပါလာတဲ့ တချို့က ပျောက်သွားတယ်ဆိုပြီး ရန်ဖြစ်တဲ့ အခြေအနေမျိုး ရောက်သွားတော့ ရဲစခန်းမှာ အရေးဆိုတဲ့ အနေအထားမျိုး ရောက်သွားတယ်။”

ဆန္ဒပြသူတွေဟာ ပျောက်ဆုံးနေတဲ့ ကိုအောင်သန်းဝေကို ပြန်ရှာပေးဖို့ သူနဲ့ အချေအတင် စကားများသူတွေကို အရေးယူပေးဖို့ နဲ့ ဈေးကောက်ခကြီးမြင့်တဲ့ ပြဿနာဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြကြောင်း၊ ဆန္ဒပြသူပေါင်း တထောင်ကျော် ရှိပြီး   ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ အဖွဲ့က ၀င်ရောက်ဖြေရှင်းပေးလို့ ည ၁၀ နာရီလောက်မှာ ပြေလည်သွားပါတယ်။

ဒါပေမယ့် လူရွယ်တအုပ်က ရဲစခန်းကို ကျောက်ခဲနဲ့ပစ်ပေါက်တာ၊ ခုံတွေရိုက်ချိုးတာ၊ မီးရှို့တာတွေလုပ်တဲ့အတွက် လုံထိန်းရဲတွေက မျက်ရည်ယိုဗုံးခွဲပြီး ရာဘာကျည်ဆန် သေနတ်နဲ့ ပစ်ရာမှာ လူ ၁၀ ဦးလောက် ဒဏ်ရာရသွားပြီး စစ်တွေဆေးရုံမှာ တင်ထားရတယ်လို့ ဒေသခံက ပြောပါတယ်။

ရုန်းရင်းဆန်ခတ်မှုတွေ မနက် ၅ နာရီလောက်မှာ ပြီးဆုံးသွားပြီး  လောလောဆယ် လူ ၁၀ ဦးကို ရဲစခန်းက ခေါ်ယူစစ်ဆေးနေတယ်လို့ ဒေသခံက ပြောပါတယ်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက “ကျနော်တို့ ပြည်နယ် ၀န်ကြီးချုပ်နဲ့ တွေ့ပါတယ်။ အခုမနက်ပဲ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ နဲ့တွေ့တယ်။ တွေ့ဆုံပြီးတော့ အခြေအနေကို ဘယ်လိုမျိုး အေးဆေးတည်ငြိမ်အောင် လုပ်မယ်ဆိုတာ ဆွေးနွေးကြတယ်။ အဓိကရုဏ်းတွေ ဆက်မဖြစ်ဖို့လည်း ဆက်လက်ကြိုးစားနေကြ တယ်။ ကျနော်တို့ ပါတီအနေနဲ့လည်း အဲဒီလိုမျိုးဖြစ်တာ မကောင်းဘူး ဆိုတာရယ်၊ ကိုယ့်ဒေသ တည်ငြိမ်အောင် မဖြစ်အောင် အများကြီးကြိုးစားတယ်။ တကယ်လို့ ရခိုင်မှာ လူထုတွေအနေနဲ့ အခွန်အကောက်ကိစ္စဆိုရင် တရားဥပဒေ ဘောင်ထဲကနေ လုပ်ဆောင်မယ်။ မလိုလားအပ် တာတွေ ဖြစ်ပေါ်တာတော့ ကျနော်တို့လည်း အင်မတန် စိတ်မကောင်းဘူး” လို့ ပြောပါတယ်။

စစ်တွေမြို့ နာဇီဈေးကို မြူနီစပယ်ကနေ လေလံစနစ်နဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်လက်ထဲ လွှဲအပ်ခဲ့တာဟာ စစ်အစိုးရလက်ထက်ကတည်းက ဖြစ်ပြီး   ဈေးကောက်ခ အခွန်အတုတ်ပေါ် မကျေနပ်တဲ့ ပြဿနာတွေ မကြာခဏ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013