Home
မြန်မာသတင်း
စစ်ပွဲ အလိုမရှိကြောင်း ပြဇာတ်ကခဲ့သည့် ကျောင်းသား ၈ ဦးကို ငွေဒဏ်အမိန့်ချမှတ်
DVB
·
April 5, 2018
ပုသိမ်ဟိုတယ်မှာ ကပြခဲ့တဲ့ စစ်ပွဲအလိုမရှိ ပြဇာတ်နဲ့ပတ်သက်ပြီး တပ်မတော်ကနေ အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၀ နဲ့ တရားစွဲထားတဲ့ ကျောင်းသား ၈ ဦးကို ပုသိမ်မြို့နယ် တရားသူကြီးဦးဝင်းအောင်က ဧပြီ ၄ ရက် ရုံးချိန်းမှာ ငွေဒဏ်တွေ အသီးသီး  ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ပြဇာတ်ပါ ပြကွက်တွေဟာ တပ်မတော်မိသားစုတွေရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေတယ်လို့ ဆိုပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး အောင်မျိုးနိုင်က ကျောင်းသား ၉ ဦးကို တရားစွဲဆိုခဲ့တာဖြစ်ပြီး ရုံးချိန်းကို မျိုးကိုကို ဆိုတဲ့ ကျောင်းသား ၁ ဦး ပျက်ကွက်ခဲ့တဲ့အတွက် ကျောင်းသား ၈ ဦးကိုသာ အမိန့်ချမှတ်ခဲ့တာလို့  တရားစွဲခံရတဲ့ ကျောင်းသားတွေက ပြောပါတယ်။ ကျောင်းသား ၈ ယောက်ထဲက ကိုအောင်ခန့်ဇော်နဲ့ ကိုမြတ်သူထက်တို့ကို ဒဏ်ငွေ ၅ သောင်းကျပ်စီ ချမှတ်ခဲ့ပြီး ကိုထက်ပိုင်ဖြိုးပါ ကျောင်းသား ၆ ဦးကိုတော့ ဒဏ်ငွေ ၃ သောင်းကျပ်စီ ချမှတ်ခဲ့တယ်လို့ ပုသိမ်မြို့နယ်တရားရုံးကနေ သိရပါတယ်။ ပုသိမ်မြို့နယ် တရားသူကြီး ဦးဝင်းအောင် “နှစ်ဦးကို ပုဒ်မ ၅၀၀ အရ အပြစ်ရှိကြောင်း ဆုံးဖြတ်တယ်။ ကျန်တဲ့ ၆ ဦးကို ပုဒ်မ ၅၀၀/၃၄ အရ အပြစ်ရှိကြောင်း ဆုံးဖြတ်တယ်။ အဲဒါကြောင့် ဒီအမိန့်ကို ချလိုက်တာ”လို့ပြောပါတယ်။ ပျက်ကွက်ခဲ့တဲ့ ကျောင်းသား မျိုးကိုကိုကိုတော့ ရာဇဝတ်ကျင့်ထုံးပုဒ်မ ၅၀၀/၁၂ အရ တရားခံပြေး ကြေညာပြီး ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပုသိမ်ဟိုတယ်မှာ ၂၀၁၇  ဇန်နဝါရီ ၉ ရက်က ကျောင်းသားတွေ ကပြခဲ့တဲ့ပြဇာတ်မှာ စစ်ပွဲထောက်ခံ ဆန္ဒဖော်ထုတ်နေသူတွေကို ဘာအတွက်ကြောင့် စစ်ပွဲတွေကို ထောက်ခံရသလဲလို့ အောက်စီဂျင်အမည်ရှိ သတင်းဌာနက မေးမြန်းနေတဲ့ပုံစံ ကပြခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုကို ပုသိမ်မြို့နယ် တရားရုံးက ၂၀၁၇ ဇန်နဝါရီ ၂၅ ရက်ကနေ စတင်လက်ခံစစ်ဆေးခဲ့တာဖြစ်ပြီး တရားရင်ဆိုင်နေရတာ တနှစ်ကျော်အကြာမှာ အခုလို အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ သတင်း - မြမင်းဦး(ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024