Home
ဆောင်းပါး
အမေ့ရင်ခွင် ခိုလှုံမိသူများ
ပီတာအောင်
·
June 4, 2012
ထိုင်း နိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ သိန်းနဲ့ ချီ လာရောက် အလုပ် လုပ်ကိုင်နေတဲ့ ဘန်ကောက်မြို့ အနီး စမွန်စာခွန် ခရိုင်က မဟာချိုင်မြို့လေးမှာ မေ ၃၀ ရက် ဗုဒ္ဓဟူးနေ့ မနက်စောစော ကတည်းက ကမ္ဘာ့ စီးပွားရေးဖိုရမ် တက်ရင်း နဲ့ ဒေါ်အောင်ဆန်းစုကြည် ရောက်လာမယ် ဆိုတဲ့ သတင်းတွေကြောင့် ခါတိုင်း နေ့တွေနဲ့မတူ လှုပ်လှုပ်ခတ်ခတ် ရှိနေပါတယ်။ ရာသီဥတုက မိုးရွာမလို ရွာမလို အုံ့တုံ့တုံ့ နံနက်ခင်း လတ်လတ်ဆတ်ဆတ် တိုက်ခတ်လာတဲ့လေက ငါးပုစွန်ပုပ်နံ့သင်းသင်း၊ အဖြူရောင်ဝတ်စုံ ၀မ်းဆက်နဲ့ အလုပ်သမားတွေက တက်တက်ကြွကြွ၊ ယူနီဖောင်းဝတ်မထားတဲ့ အလုပ်သမားတွေကတော့ ကားမှတ်တိုင်တွေမှာ၊ ဟိုတကွေ့ ဒီတကွေ့ လမ်းဘေးဝဲယာ ပလက်ဖောင်းတွေပေါ် မှာ ဖြတ်မောင်းသွားတဲ့ ဘတ်စ်ကားပေါ်မှာ ဟိုတစ ဒီတစ။ အမေစု မိန့်ခွန်းပြောဖို့ ရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမား ကွန်ရက် စာကြည့်တိုက်ရှိရာ ဗီလာ လမ်းသွယ်ကိုး (ထိုင်းအခေါ် ဝေလ ဆွိုင်ကောက်)ထဲ ချိုးဝင်လိုက်တယ် ဆိုရင်ပဲ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ကြိုဆိုရေးအဖွဲ့ ဆိုပြီး အစိမ်းရောင်စာတမ်း နောက်ကျောမှာ ထိုးထားတဲ့ စပို့ရှပ်အဖြူရောင်ကို ၀တ်ထားတဲ့ လူငယ်လူရွယ်တွေက တာဝန်ကိုယ်စီယူလို့ စနစ်တကျ စောင့်နေကြပေါ့။ ထိုင်းရုပ်သံ ဌာနပေါင်းစုံနဲ့ နိုင်ငံတကာ မီဒီယာပေါင်းစုံက သတင်းထောက်တွေ ကလည်း စာကြည့်တိုက် အဆောက်အဦရှေ့ လမ်းဘေးဝဲယာမှာရော အနီးအနားက တိုက်ခေါင်မိုးပေါ်တွေမှာပါ ဗွီဒီယို ကင်မရာတွေ ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်တဲ့ စက်တွေ တပ်ဆင်ထားတဲ့ ကားတွေက ထောင့်ပေါင်းစုံ မှာ နေရာယူထားရဲ့။ အလားတူ ထိုင်းလုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေကလည်း ဆိုင်ကယ်နဲ့ တမျိုး လမ်းလျှောက်လို့တဖုံ ပတ်တယောင် လှည့်နေပြီး တိုက်ခေါင်မိုးတွေပေါ်မှာရော အနီးနားဝန်းကျင်မှာပါ လုံခြုံရေး အပြည့်ချထားလျက်။ နံနက်စောစော မိုးရွာမလိုနဲ့ မိုးစက်မှုန်စလေးတွေ လေနဲ့အတူပျံ့လာလို့ ဗွီဒီယို ကင်မရာကိုင်တဲ့ သတင်းသမားတွေ မိုးရွာချလာမလား စိုးရိမ်မိကြပါတယ်။ ဒါပေမယ့် ခဏအကြာမှာပဲ နေစပွင့်လာပြီး အလုပ်သမားတွေလည်း တဖွဲဖွဲ လမ်းထဲ ရောက်လာကြပါတယ်။ ပထမ အယောက် ၅၀ လောက်၊ နောက် ၁၀၀ လောက်၊ နောက် ၂၀၀ နီးပါး၊ နောက် ၃၀၀၊ ၄၀၀၊ ၅၀၀၊ ၁၀၀၀ ကျော် ထိ လမ်းပြည့်လုနီးပါးဖြစ်လာပါတယ်။ သူတို့လက်ထဲမှာတော့ အမေစု ဓာတ်ပုံ၊ ဗိုလ်ချုပ်ဓာတ်ပုံ၊ တချို့က နှင်းဆီ၊ တချို့က ဂန္ဓမာပန်းတွေကိုင်ထားပြီး တချို့က မြန်မာအလံ၊ တချို့က ထိုင်းအလံ၊ တချို့က ခွပ်ဒေါင်းအလံ၊ တချို့က ပိုစတာ မျိုးစုံကိုင်စွဲလို့။ စာရွက်တွေနဲ့ ပိုစတာတွေမှာတော့ အမေ အသက်ရာကျော် ရှည်ပါစေ၊ အမေ လိုအင် ဆန္ဒပြည့်ပါစေ၊ အမေကျန်းမာပါစေ၊ အမေ့ရင်ခွင်မှာ ခိုလှုံချင်လှပါပြီအမေ၊ အမေစုကို ချစ်တယ်၊ အမေ သားတို့ အိမ်ပြန်ချင်လှပါပြီ စသဖြင့်ပေါ့။ တချို့ကလည်း ကဗျာ ဆန်ဆန် ရောင်နီ ကိုကြိုလင့်တဲ့ ပန်းကလေးတွေပါ အမေတဲ့။ ဒီထဲမှာမှ ရင်နင့်စရာ အကောင်းဆုံး စာသားကတော့ သူ့ကျွန်ဘ၀မှ လွတ်မြောက်ချင်လှပြီအမေ ဆိုတဲ့ စာသားဖြစ်ပါတယ်။ ဒါဟာ တိုင်းတပါးမှာ လူမျိုးခြား အလုပ်ရှင်ရဲ့ ပေးသလောက် ယူ ကျွေးသလောက်စား ကျောကော့အောင် ခိုင်းစေခံနေရတဲ့ မြန်မာအလုပ်သမားတွေရဲ့ ရင်ထဲက ဆန္ဒကို ဖွင့်လှစ်ပြလိုက်တဲ့ အနက်ရှိုင်းဆုံး ခံစားချက်တွေဆိုတာ ယုံမှားသံသယဖြစ်စရာ ရှိမယ်မထင်ပါဘူး။ ခဏကြာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကားတန်း မဟာချိုင်ရောက်နေပြီ၊ သလာကွန့်  ခေါ် ပုစွန်ဈေးကို ရောက်နေပြီိဆိုတဲ့ သတင်းတွေထွက်လာတာနဲ့ အမျှ ထောင်နဲ့ချီတဲ့ လူတွေဟာလည်း တလမ်းလုံး ပြည့်လျှံ လှုပ်လှုပ်ရွရွဖြစ်သွားပါတယ်။ တကယ်တော့ ဒီပုစွန်ဈေးနေရာဟာ တချိန်က နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ဖူးတဲ့ ဈေးပါ။ မြန်မာအလုပ်သမားတွေအပေါ် မတရားခေါင်းပုံဖြတ်၊ နှိပ်စက်၊ အနိုင်ကျင့်၊ အဓမ္မခိုင်းစေမှု အမျိုးမျိုးနဲ့ နာမည်ကြီးခဲ့ဖူးတဲ့ အလုပ်ခွင်တွေထဲက တခုလည်း ဖြစ်ပါတယ်။ ဒီနေရာမျိုးကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြည့်ရှုဖို့ ရွေးထားတာလည်း ဖြစ်ပါတယ်။ ဒီအချိန်မှာ ထိုင်းရုပ်သံဌာနတခုက ရဟတ်ယာဉ်တစီးနဲ့ အမေစုကို စောင့်ကြိုနေတဲ့ လူအုပ်ပေါ်ကနေ ပတ်ပြီး သတင်းယူနေချိန်မှာတော့ အလုပ် သမားတွေဆီက အမေစု- အမေစု- အမေစု၊ ဖရီး-ဖရီး ဖရီး ဘားမား ဆိုတဲ့ ကြွေးကြော်သံတွေ ထွက်ပေါ်လာပါတယ်။ အမေစု ကျန်းမာပါစေ ဆိုတဲ့ ကြွေးကြော်သံတွေ လူတွေရဲ့ သြဘာပေးသံတွေ ရဟတ်ယာဉ်သံတွေနဲ့ ဆူညံပွက်လောရိုက်သွားပါတယ်။ နံနက်ခင်းနေပူပူမှာ မြန်မာအလုပ်သမားတွေရော ကြိုဆိုမယ့်သူတွေပါ ဇွဲကောင်းကောင်းနဲ့ စောင့်နေတုန်း နံနက် ၁၀ နာရီလောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို တင်ဆောင်လာတဲ့ ကားတန်း လမ်းသွယ် ၉ ထဲကို ၀င်လာပါပြီ။ လူတွေလည်း ထိန်းမရ ၀ရုန်းသုန်းကားနဲ့ ကင်မရာသမားတွေလည်း အပြေးအလွှား၊ ကားက စာကြည့်တိုက် အဆောက်အဦ ခြေရင်းထိ မောင်းဝင်လာပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ကားတံခါးဖွင့် အပြင်ထွက်လာကာ လုံခြုံရေးတွေကြားကပဲ ရုတ်တရက် စာကြည့်တိုက် အဆောက်အဦထဲကို ၀င်သွားစဉ်မှာ ၀င်ပေါက်သံတခါးကြီးလည်း ဂျိန်းကနဲ ပိတ်ချသွားပါတော့တယ်။ ခဏအကြာမှာပဲ စာကြည့်တိုက် သုံးထပ် ၀ရံတာပေါ်ကနေ အဖြူရောင်အပေါ်မှာ အပွင့်လေးတွေ ပါးပါးရိုက်ထားတဲ့ ရင်ဖုံးအင်္ကျီဝတ်ထားတဲ့ အမေစု အောက်ကစောင့်နေတဲ့ လူအုပ်ကြီးကို လက်ပြနှုတ်ဆက် ထွက်လာပြီး အမေတို့ မြန်မာတွေ စည်းကမ်းရှိတယ်ဆိုတာ ပြရမယ်နော်။ အမေတို့ မြန်မာတွေဟာ နိုင်ငံခြားမှာ ရောက်နေပေမယ့် အားလုံးက အထင်ကြီးအောင် နေနိုင်ရမယ်ဆိုပြီး အလုပ်သမားတွေကို မိန့်ခွန်း စပြောပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့  ဘယ်လိုလုပ်ရမလဲဆိုတာ တတ်နိုင်သမျှ လေ့လာပြီးတော့ ဒါတွေကိုဖြစ်မြောက်အောင် ကြိုးစားပါမယ်၊ ကျမတို့ နိုင်ငံ သူနိုင်ငံသားတွေကလည်း ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင်လုပ်ရပါမယ်။ တာဝန်ဆိုတာဟာ ကိုယ့်ရဲ့အမိနိုင်ငံကိုလည်း တာဝန်ရှိတယ်။ ကိုယ့်ရဲ့အိမ်ရှင်နိုင်ငံအပေါ်မှာလည်း တာဝန်ရှိတယ်။ ဘာပဲပြောပြော ဟိုဘက်ဒီဘက်မြင်တဲ့ အမြင်ရှိမှ ကျမတို့ဟာ အဆင်ပြေအောင် လုပ်နိုင်မှာပါ။ ကျမတို့ မမေ့ထားဘူးဆိုတာတော့ ဘယ်တော့မှသံသယ မရှိပါနဲ့။ ကျမတို့ရဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဘယ်တော့မှ မမေ့ထားပါဘူးလို့ ပြောပါရစေ လို့ ပြောပြီး စာကြည့်တိုက်ထဲ ပြန်ဝင်သွားပါတယ်။ အဲဒီ့နောက် မဟာချိုင်က အလုပ်သမားကိုယ်စားလှယ် အယောက် ၃၀ လောက်နဲ့ တွေ့ဆုံပြီး အခွင့်အရေးချိုးဖောက်ခံရတဲ့ အလုပ်သမားတွေအကြောင်း၊ အလုပ်သမားတွေရဲ့  နစ်နာချက်တွေအကြောင်း၊ ယာယီနိုင်ငံကူးလက်မှတ် ပတ်စပို့ လုပ်ရတဲ့ အခက်အခဲတွေအကြောင်း မေးမြန်းပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ လမ်းပေါ်က ပရိသတ်ကြီးကတော့ နေပူကျဲကျဲမှာ တိုးရင်းဝှေ့ရင်း စောင့်ဆိုင်းနေကြဆဲ။ ဘေးနားက အလုပ်သမားတဦးကတော့ ဒီမှာ အမေစု မလာခင် ရက်ပိုင်းကလေးမှာတင် ရဲယောင်ဆောင်ထားတဲ့ ထိုင်းတွေက မြန်မာအလုပ်သမ ၃ ယောက်ကို အဓမ္မပြုကျင့်တာ ဖြစ်ခဲ့တယ်ဗျ။ သူတို့နဲ့ အမေကို ပေးတွေ့ချင်လိုက်တာ။ အမေက ထိုင်း အစိုးရကို ပြန်ပြောပြရင် နောက်ဆို ဒါမျိုးအဖြစ်အပျက်တွေ ထပ်မဖြစ်အောင် ကာကွယ်နိုင်ရင် ကာကွယ်နိုင်မယ်ထင်တယ်ဗျလို့ ပြောပါတယ်။ နောက်ထပ် အလုပ်သမားတဦးကတော့ ဒီမှာက ထိုင်းတွေတင် မဟုတ်ဘူး မြန်မာ အချင်းချင်း ခေါင်းပုံဖြတ် အနိုင်ကျင့် ဖြတ်စားတာတွေကလည်း အများကြီးဗျ။ ခုထက်ထိ မဟာချိုင်ကို နယ်စပ်ခိုးလမ်းကနေ ပွဲစားကို ပိုက်ဆံပေးပြီး တက်လာနေကြတုန်း။ အဖမ်းခံရ၊ ဒုက္ခတွေ့သူတွေရှိတုန်းပဲ။ တကယ်ဆို နယ်စပ်မှာ ၇ ရက် နေထိုင်ခွင့် လက်မှတ်ထုတ်ပြီး ဒီကိုတက်လာ၊ ယာယီပတ်စ်ပို့နဲ့ အလုပ်လုပ်လို့ ရနေပါပြီ။ အလုပ်သမားတွေ က တောသူ တောင်သားတွေ၊ ဘာမှမသိတဲ့ အပေါ် အမြတ်ထုတ်နေကြတာလေတဲ့။ သတင်းသမား တယောက်တော့ မြန်မာ အလုပ်သမားတွေဆိုတာ မဟာချိုင်က ထိုင်းရဲအတွက်တော့ အေတီအမ် အလိုအလျောက် ငွေထုတ်စက်ပဲလို့ ပြောပါတယ်။ သူပြောသလိုပါပဲ လကုန်ရက် လစာထုတ်ရင် အလုပ်သမားတွေဟာ အိမ်ပြန်ငွေလွှဲဖို့  ပွဲစားတွေဆီအသွား ပိုက်ဆံတွေ ဒီအတိုင်း ထည့်သွားမိလို့ ထိုင်းရဲက လမ်းမှာ တွေ့တာနဲ့ ဖမ်းမေးပြီး တောင်းသလောက် ပေးခဲ့ရတဲ့ အဖြစ်တွေက ရှိနေဆဲပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မဟာချိုင်က အလုပ်သမား ကိုယ်စားလှယ်တွေ နဲ့ နာရီဝက်လောက် တွေ့ဆုံဆွေးနွေးပြီး ၀ရံတာကိုပြန်ထွက်လာကာ စောင့်နေတဲ့ လူအုပ်ကို ခုလို မိန့်ခွန်း ထပ်ပြောပါတယ်။ “ကျမတို့ရဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပြဿနာတွေ အားလုံးကို သိပြီလို့ ပြောနိုင်ပေ မယ့် တော်တော်များများကို သိပါတယ်။ ဒီပြဿနာတွေထဲမှာ ကျမတို့ မြင်တာက တချို့အရာတွေက အလုပ်ရှင်တွေနဲ့ဆိုင်တယ်။ တချို့ကိစ္စတွေက အစိုးရနဲ့ ဆိုင်တယ်။ တချို့ကိစ္စတွေကတော့ ကျမတို့ရဲ့ အလုပ်သမားတွေက ကိုယ့်ရဲ့ ရပိုင်ခွင့်တွေကို ကျယ်ကျယ်ပြန့်ပြန့် မသိတာနဲ့ ဆိုင်တယ်။ ကျမတို့ ရဲ့အလုပ်သမားတွေ အားလုံးဟာ ကိုယ့်ရဲ့ရပိုင်ခွင့်တွေဟာ ဘာလဲဆိုတာ သိအောင်လို့ ပညာပေးအစီအစဉ်တွေ လုပ်ပေးဖို့ ကျမက အလုပ်သမား ကိုယ်စားလှယ်တွေကို တိုက်တွန်းထားတယ်” လို့ ပြောပါတယ်။ ဒါ့ပြင် “ကျမအနေနဲ့ ကတိတွေမပေးချင်ဘူး။ ကတိတွေ ပေးပြီးတော့ မတည်ရင်မကောင်းဘူး။ ဒါပေမယ့် တခုသော ကတိတော့ ပေးနိုင်ပါမယ်။ ကျမ အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်လို့၊ ကျမတို့ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ် သမားတွေ ကျန်းမာချမ်းသာကြပါစေ၊ ဘေးအန္တရာယ်မှ ကင်းဝေးပါစေ၊ နိုင်ငံ အမြန်ဆုံးပြန်လာနိုင်ကြပါစေ” လို့ ပြောကြားပြီးနောက် လက်ပြနှုတ်ဆက် အောက်ပြန်ဆင်းပြီး ကားနဲ့ ပြန်လည်ထွက်ခွာသွားပါတယ်။ အမေစုကိုမြင်ခွင့်ရဖို့ လာရောက်ခဲ့ကြတဲ့ မဟာချိုင်က မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဆီက ပွင့်အံထွက်လာတဲ့ ရင်ခုန်သံတွေကို နားထောင်ကြည့်လိုက်တော့ “အမေလာတယ်လေ၊ အဲဒီတော့ ဒီနေ့ အလုပ်မဆင်းတော့ဘဲ လာတွေ့ ရတာပေါ့။” “စိတ်ထဲမှာ ၀မ်းသာသလိုပဲ။ ဟုတ်တယ်။ ၀မ်းသာတယ်။ ဘယ်လိုပြောရမလဲ။ ပြောလဲမထိတော့ဘူး။ ပြောမပြ တတ်တော့ဘူး။” “အမေစုကိုအားပေးချင်တယ်။ အမေစုကိုကိုယ်တိုင် တွေ့ချင်လို့ ဒီနေ့လာတာ အမေစုရဲ့ သတင်းကို စောင့်ကြည့်နေတယ်။ နေ့တိုင်းပဲ၊ လာမယ်ဆိုတော့ ရောက်အောင်လာရတယ် မနေ့ညကတည်းက အလုပ်လုပ်နေတာ မအိပ်ရသေးဘူး။ ဒါပေမယ့် လာရတယ်။ အမေစုကိုအားပေးတာပေါ့။” “လာတွေ့ ရတာ ကျနော်တို့ ဝမ်းသာတယ်။ ကျနော်တို့ အလုပ်လုပ်ရင်းနဲ့  မနားဘဲ ဒီမှာလာတယ်။ အမေစုတွေ့ ချင်လို့ အမေစုကျန်းမာပါစေ။” “စကား ပြောရင်ကြက်သီးထတယ်။ ဒေါ်စုတွေ့ ရင်တော့ တခုတော့ တောင်းဆိုချင်တယ်။ ဓာတ်ပုံ အတူတူရိုက်ချင်တယ်လို့။” “ဘာမှမျှော်လင့်မထားပါဘူး။ တွေ့ ချင်တာ တခုတည်းပါ။” ဒီခရီးစဉ်ဟာ နှစ်ပေါင်း ၂၄ နှစ်အကြာမှာ ပထမဆုံး ပြည်ပကို ခရီးထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းဝင် ခရီးဖြစ်သလို ဒါဟာ တိုင်းတပါးမှာ အခက်အခဲမျိုးစုံကြားက လာရောက်လုပ်ကိုင်နေရတဲ့ နေရောင်အောက်က နင်းပြား မြန်မာရွှေ့ပြာင်း အလုပ်သမားထုကြီးကို မြန်မာပြည်က နိုင်ငံရေး ခေါင်းဆောင်တဦးအနေနဲ့ ပထမဆုံး လာရောက် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော် နိုင်ငံကို အုပ်စိုးတာဝန်ယူခဲ့သူတွေ ဘယ်သူမှ မလုပ်နိုင်တဲ့ မလုပ်ခဲ့တဲ့ အလုပ်တခုကို အမေစုက လုပ်ပြနိုင်လိုက်တာလည်း ဖြစ်ပါတယ်။ အလားတူ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်း-မြန်မာနယ်စပ်က သောင်းနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေ နေထိုင်ရာ မယ်လဒုက္ခသည် စခန်းကိုလည်း စနေနေ့မှာ သွားရောက်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေနည်းတူ အမေ့လျော့ခံ တိုင်းရင်းသား ဒုက္ခသည်တွေရဲ့ ဘ၀တွေကို မျက်မြင် မြင်တွေ့ရအောင် သွားရောက်ကြည့်ရှုအားပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ထိုင်းမီဒီယာတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ လူထုကြားမှာ ပြောဆိုမှုတွေ ကိုးကားပြီး သူတို့ခေါင်းဆောင်တွေ အတုယူကြဖို့ ဒေါ်အောင်ဆန်းစုကြည်ဆီက သင်ယူကြဖို့ ပြောဆို ရေးသားတာတွေ မြင်တွေ့ ဖတ်ရှုရပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆ ရက်တာ ထိုင်းနိုင်ငံခရီးစဉ်ကို ပြန်ကြည့်ရင် လွန်ခဲ့တဲ့ ၁ နှစ်ခွဲကျော် ကာလက နေအိမ်ခြံဝန်း ပြင်ပကိုတောင် ထွက်ခွင့်မရသူ တဦးအနေနဲ့ ခြံပြင်မက နိုင်ငံပြင်ပကိုပါ လာခွင့်ရတာဟာ လွတ်လပ်မှုတွေတိုးရတဲ့ လက္ခဏာတခုပဲဖြစ်ပါတယ်။ ဒါ့ပြင် လွှတ်တော်မှာ ဥပဒေတွေ အဆိုပြုနိုင်တဲ့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး အနေနဲ့ မြန်မာအလုပ်သမားတွေရယ်၊ ဆယ်စုနှစ် ၂ ခုလောက်ကြာ စခန်းပြင်ပထွက်ခွင့်မရဘဲ အကျယ်ချုပ်သဖွယ် မျှော်လင့်ချက်ကင်းမဲ့စွာ နေထိုင်နေရတဲ့ တိုင်းရင်းသား ဒုက္ခသည်တွေရဲ့အရေးကို မျက်မြင်ကြုံတွေခွင့် ရလိုက်တာ မဟာအခွင့်အရေးပါ။ ဒါ့ထက်ပိုလို့ ဒီလူထုတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ထောက်ခံမှုတွေကို ပုံသဏ္ဌာန်မျိုးစုံနဲ့ ပြသခဲ့ကြတာတွေဟာ အမေစုအတွက် လူထုက ပေးလိုက်တဲ့ အကောင်းဆုံးလက်ဆောင်ဖြစ်ပါတယ်။ တဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို မြင်ခွင့်ရဖို့ အားတက်သရော လာရောက်စောင့်စားခဲ့ကြသူတွေထဲမှာ မြင်ခွင့်မရလိုက်သူတွေ၊ ဓာတ်ပုံရိုက်ခွင့် မရလိုက်ကြသူတွေ၊ လူတိုးမိလို့ ခုန်ပေါ်က ပြုတ်ကျတဲ့ ကင်မရာသမားတွေ၊ လေဆိပ်မှာ ၄၊ ၅ နာရီကြာ ရပ်စောင့်နေပြီး အားခဲထားရာက ဘာပုံမှမရလိုက်လို့ လက်မှိုင်ချပြီး လမ်းဘေးမှာ စိတ်ပျက်လက်ပျက်ထိုင်နေတဲ့ သတင်းသမားတွေ၊ အလုပ်သမားရုံးထဲက ဆွဲထုတ်ခံရသူတွေ၊ ပေးချင်တဲ့ နှင်းဆီပန်းလေးတပွင့် ဂန္ဓမာပန်းလေးတပွင့် အမေစုကို မပေးလိုက်ရလို့ မချင့်မရဲ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေလည်း အများအပြား ရှိခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘန်ကောက် လေဆိပ်အ၀င်ကတည်းက သာမန်ခရီးသွား တယောက်လို လူဝင်မှုကြီးကြပ်ရေးမှာ တန်းစီဝင်ခဲ့ရတဲ့အဖြစ်၊ မယ်လစခန်းမှာ အသံချဲ့စက်တောင် ကိုင်ခွင့်မရခဲ့တာ၊ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကို အရောက် သွားခွင့်မရတဲ့ အခြေအနေနဲ့ ကြုံခဲ့ရတာကိုကြည့်ရင် စောင့်နေသူတွေအားလုံးဆီ ရောက်မလာနိုင်တာ အားလုံးရဲ့ဆန္ဒကို ဖြည့်ဆည်းမပေးနိုင်တာကို နားလည်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အမေစုကတော့ သူ့ ရဲ့ သားသမီး ပြည်သူတွေဖြစ်တဲ့ ဒုက္ခသည်တွေကိုလည်း အားလုံးကိုမေ့မထားပါဘူး။ ကြိုးစားပြီးတော့ လုပ်ပေးပါမယ်။ တနေ့ကျ အားလုံး အိမ်ပြန်လာနိုင်အောင်လို့ ကြိုးစားပါ့မယ်ဆိုတဲ့ စကားကို အသံတွေကွဲအက်သွားတဲ့အထိ သူ့ရဲ့အစွမ်းရှိသလောက် အော်ပြီး ပြောပြခဲ့ရတာပါ။ ထိုင်းအစိုးရအနေနဲ့လည်း တဖက်မှာ မြန်မာအစိုးရနဲ့ မျက်နှာမပျက်ရအောင်၊ တစ်ဖက်မှာလည်း ကမ္ဘာသိ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဘေးကင်း လုံခြုံမှုရှိအောင် စီစဉ်ဆောင်ရွက်ခဲ့ရတာတွေကြောင့် အမေစုရဲ့ ခရီးစဉ် အစီအစဉ်တကျ မဖြစ်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီလို အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ အစီအစဉ်တွေကို အချိန်နဲ့တပြေးညီ အများပြည်သူသိအောင် လုပ်ပေးနိုင်ဖို့ ခရီးစဉ်စီစဉ်သူတွေ ပျက်ကွက်ခဲ့တာလည်း ရှိပါတယ်။ ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အမေစုကို ၀န်းရံကူညီပေးနိုင်မယ့် ထူးချွန်ထက်မြက်တဲ့ လူငယ်လူလတ်ပိုင်းတွေ၊ ပြန်ကြားရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာသာမက တခြားနေရာတွေမှာပါ ကဏ္ဍအလိုက် အဖွဲ့တွေဖွဲ့ပြီး ကူညီပေးဖို့ လိုအပ်နေပြီဆိုတာ ဒီခရီးစဉ်က အထင်အရှားပြသလိုက်တာလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးခွန်သာမြင့်ကတော့ `ကျနော်တို့ကို တဖက်က ဖိအားပေးတာတွေ ရှိနေတယ်လို့ ပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းတပါးမှာ နှစ်ပေါင်းများစွာ အမေ့လျော့ အပစ်ပယ်ခံ အဖိနှိပ်ခံနေခဲ့ရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ဒုက္ခသည်တွေ အတွက်တော့ အမေစုရဲ့ မျက်နှာကို မြင်တွေ့ ခွင့်ရလို့ ရွှင်လန်းကြည်နူးဝမ်းမြောက်ခဲ့ရတာ၊ အမေစုရဲ့စကားတွေကို ကြားခွင့်ရလို့ စိတ်ဓာတ်ခွန်အားသစ်တွေဖြစ်စေခဲ့တာ၊ အမေစုရဲ့ မေတ္တာရင်ခွင်မှာ ခေတ္တ ခိုလှုံခွင့်ရခဲ့လို့ နွေးထွေးခဲ့ရတာ၊ ကမ္ဘာ့အလယ်မှာ အမေစုဆိုတဲ့ တောက်ပ ထွန်းလင်းနေတဲ့ ကြယ်စင်နဲ့အတူ ခဏ လင်းလက်ခွင့်ရခဲ့တာ၊ ဒါတွေအားလုံးဟာ ၂၄ နှစ်ကြာ သမိုင်းဝင် ပြည်ပခရီးစဉ်မှာ အမေစုပေးသွားတဲ့ အဖိုးထိုက်ပြီး တန်ဖိုးဖြတ်မရတဲ့ ဆုလာဘ်တွေပဲ ဖြစ်ပါတော့တယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024