ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဆေးကုသမှုခံယူရန် ထိုင်းနိုင်ငံ သွားမည်
အောင်ဆန်းဦး
·
April 2, 2018
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ဟာ အခုသီတင်းပတ်အတွင်းမှာ ထိုင်းနိုင်ငံကို သွားရောက်ပြီး ဆေးကုသမှုခံယူဖို့ ရှိနေတယ်လို့ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ထံက စုံစမ်းသိရပါ တယ်။
"ဥက္ကဋ္ဌကြီးက လာမယ့်ရက်ပိုင်းအတွင်းမှာ ဘန်ကောက်ကို ဆေးကုသသွားဖို့ ရှိတယ်။ Medical Checkup လုပ်ဖို့ပေါ့။ သင်္ကြန်မတိုင်ခင်လောက်မှ ပြန်ရောက်မယ်ထင်တယ်"
နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ဖို့ နုတ်ထွက်သွားတဲ့ ဦးဝင်းမြင့်ရဲ့ နေရာမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို မကြာသေးခင်ကမှ အစားထိုးခန့်အပ်ထားတာ ဖြစ်ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဟောင်း ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်တာဟာ လွှတ်တော် အတွေ့အကြုံရှိသူဖြစ်ပြီး လွှတ်တော်ကို အကောင်းဆုံး ထိန်းကျောင်းနိုင်သူအဖြစ် ယုံကြည်လို့ ဖြစ်တယ်လို့လည်း ဦးထွန်းထွန်းဟိန်က ဆိုပါတယ်။
လတ်တလော ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကတော့ ရပ်နားထားပါတယ်။
ဓာတ်ပုံ-MOI