မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်မှာ မနေ့ည ၈ နာရီကျော်လောက်က လေပြင်းတိုက်ခတ်မှုကြောင့် ကြာကန်ရွာမှာ နေအိမ် ၁၀ လုံးပြိုလဲကာ နေအိမ် ၇၀ ကျော်လည်း အမိုးလန်ပျက်စီးပြီးသွားပါတယ်။
ကြာကန်ရွာဟာ မကွေးမြို့နဲ့ ၂၄ မိုင်၊ နတ်မောက်မြို့နဲ့ ၁၂ မိုင်ကွာဝေးပြီး အိမ်ခြေ ၆၀၀ ကျော်ရှိပါတယ်။ မနေ့ညက ဖြစ်ပွားခဲ့တဲ့လေပြင်းတိုတ်ခတ်မှုကြောင့် တိရိစ္ဆာန်တချို့ သေကျေပျက်စီးသွားလို့ ထန်းပင်ကြီးတွေလည်း ပြိုလဲပျက်စီးသွားခဲ့တယ်လို့ ဒေသခံ ကိုဇော်မင်းထိုက်က ပြောပါတယ်။
“အပျက်အစီးက အခုလောလောဆယ်ပြိုလဲတာ ၁၀ အိမ်၊ အမိုးလန်ထရံလန်တွေ စုစုပေါင်း ၇၀ ပေါ့နော်။ လူတွေကတော့ တော်တော်ကံကောင်းတယ်ဗျ။ တကယ့်ကိုမာတဲ့ ထန်းပင် အိမ်ပေါ်ကိုပိတာ လူမသေတာတော့ တော်တော်ကံကောင်းတယ်။ ထိခိုက်ဒဏ်ရာတော့ အခုထိ မကြားသေးဘူး။ ကြက်ခြံတွေရော ပျက်စီးလို ကြက်တွေ တော်တော်များများသေပါတယ်။”
လေပြင်းတိုက်မှုကြောင့် အခြားနီးစပ်ရွာတွေလည်း ပျက်စီးမှုတချို့ရှိခဲ့တယ်လို့လည်း ပြောပါတယ်။
ပျက်စီးဆုံးရှုံးမှုအခြေအနေတွေနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဆီ တင်ပြထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- ဇော်မင်းထိုက်