သိပ္ပံပညာရှင် စတီဖင်ဟော့ကင်း၏ အသုဘအခမ်းအနား လူထောင်ချီ တက်ရောက်

သိပ္ပံပညာရှင် ဖရော်ဖက်ဆာ စတီဖင်ဟော့ကင်းရဲ့ မတ်လ ၃၁ ရက်နေ့မှာ ကျင်းပတဲ့ အသုဘအခမ်းအနားကို လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ပြီး မင်းသား အက်ဒီရက်ဒ်မေးလည်း တက်ရောက်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် သိပ္ပံပညာရှင် ပရော်ဖက်ဆာ စတီဖင်ဟော့ကင်း အထုပ္ပတ္တိရုပ်ရှင် The Theory of Everything ထဲမှာ ရက်ဒ်မေးက သိပ္ပံပညာရှင်ဟော့ကင်းအဖြစ် သရုပ်ဆောင်ခဲ့ပြီး ကင်းဘရစ်ခ်ျမှာ ကျင်းပတဲ့ ဝမ်းနည်းဖွယ် အသုဘအခန်းအနားမှာ သမ္မာကျမ်းစာဖတ်ခဲ့တာပါ။ သိပ္ပံပညာရှင်ရဲ့ အခေါင်း ရောက်ရှိလာချိန်မှာ လူတွေက လက်ခုပ်တီးခဲ့ကြပြီး ဘုရားကျောင်းခေါင်းလောင်း ၇၆ ကြိမ် တီးခဲ့ပါတယ်။ ခေါင်းလောင်း တကြိမ်တီးတာက ပရော်ဖက်ဆာရဲ့အသက် ၁ နှစ်ကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။ အသက် ၇၆ နှစ်အရွယ် ပရော်ဖက်ဆာဟာ ကင်းဘရစ်ခ်ျနေအိမ်မှာ မတ်လ ၁၄ ရက်နေ့က ကွယ်လွန်ခဲ့ပြီး မတ် ၃၁ ရက်နေ့မှာတော့ ဘုရားရှစ်ခိုးကျောင်း စိန့်မေရီအော့ဖ်သည်ဂရိတ်မှာ ကျင်းပတဲ့ သီးသန့် အသုဘအခမ်းအနားကို မိသားစုဝင်တွေ၊ ဖိတ်ကြားထားတဲ့ မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအပြင် ရုပ်ရှင် မင်းသား မင်းသမီးတွေလည်း တက်ရောက်ခဲ့ကြတာပါ။ ပရော်ဖက်ဆာ နှစ် ၅၀ ကျော်ကြာ အလုပ် လုပ်ကိုင်ခဲ့တဲ့ ကင်းဘရစ်ခ်ျတက္ကသိုလ်အပြင်ဘက်က လမ်းတွေပေါ်မှာ လူထောင်ပေါင်းများစွာ တန်းစီရပ်နေကြပြီး  ဘုရားကျောင်းမှာလည်း လူပေါင်း ၁၂၀၀ အတွက် ထိုင်ခုံတွေ ခင်းထားတယ်လို့ ဆိုပါတယ်။ ပရော်ဖက်ဆာဟော့ကင်းရဲ့ သားသမီးတွေဖြစ်တဲ့ လူစီ ရောဘတ်နဲ့ တင်တို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ “ကျနော်တို့ဖခင်ရဲ့ အသုဘအခမ်းအနားကို တက်ရောက်ဂုဏ်ပြုသူ အားလုံးနဲ့ ဝမ်းနည်းကြောင်း သတင်းစကားပို့ပေးသူ အားလုံးကို ကျနော်တို့ မိသားစု တစုလုံးကိုယ်စား ကျနော်တို့က ကျေးဇူးအများကြီးတင်ပါတယ်။ အဖေက ကင်းဘရစ်ခ်ျမှာ အလုပ်လုပ်ကိုင် နေထိုင်ခဲ့တာ နှစ် ၅၀ ကျော်ပါတယ်။ အဖေက ဒီမြို့နဲ့ တက္ကသိုလ်ရဲ့ မရှိမဖြစ်နဲ့ အမြင့်ဆုံး အသိအမှတ်ပြုရမယ့်အပိုင်းမှာ ရှိခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ အသုဘအခမ်းအနားကို သူကလည်း သိပ်ချစ်ပြီး သူ့ကိုလည်းချစ်တဲ့ ဒီမြို့မှာ ကျင်းပဖို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ကြတာပါ” လို့ ပြောထားပါတယ်။ ပရော်ဖက်ဆာ ဟော့ကင်းရဲ့ အရိုးပြာတွေကို ဝက်စ်မင်စတာကွန်ဗင့်မှာရှိတဲ့ ဆာအိုင်းဇက်နျူတန်ရဲ့အရိုးပြာတွေကို မြှုပ်နှံထားတဲ့ အနီးအနားမှာ ဇွန်လ ၁၅ ရက်နေ့ မြှုပ်နှံမယ်လို့ သည်ဆန်းသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up