အိမ်ဝယ်နိုင်ရေး ဧရာဝတီဘဏ်က အိမ်ရာချေးငွေ ထုတ်ပေးတော့မည်
DVB
·
March 31, 2018
တလ၀င်ငွေ နှစ်သိန်း ဝန်းကျင်ရှိရုံနဲ့ အိမ်တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းပေးသွင်းပြီး အိမ်ဝယ်နိုင်ဖို့အတွက် ဧရာဝတီဘဏ်က အိမ်ရာချေးငွေ စတင်ထုတ်ပေးတော့မယ်လို့ ဆိုပါတယ်။
ဧရာဝတီဘဏ်ရဲ့ အိမ်ယာချေးငွေချထားပေးမယ့် အစီအစဉ်ကို မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ စတင်မိတ်ဆက်လိုက်တာပါ။
ဒါဟာ အိမ်ပိုင်ဆိုင်ဖို့ ခက်ခဲနေတဲ့ အခြေခံလူတန်းစား ဝန်ထမ်းတွေအတွက် ရည်ရွယ်ပြီး အိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့လာနိုင်ဖို့ကိုလည်း အထောက်အကူပြုတယ်လို့ ဆိုပါတယ်။
ဘဏ်ရဲ့ လက်ထောက်ဥက္ကဋ္ဌ ဦးဇာနည်လင်းက "ကျနော်တို့က အနည်းဆုံး သိန်း ၂၀၀ တန် အိမ်ခန်းအတွက် စပြီးချေးငွေချထားပေးမှာဆိုတော့ အဲဒီအိမ်အတွက် ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ သိန်းခြောက်ဆယ်ကို ကနဦး ပေးသွင်းရပါမယ်။ ပြီးရင် ဝင်ငွေပေါ်မူတည်ပြီး ဆပ်ရမှာဆိုတော့ လူတယောက်အနေနဲ့ အနည်းဆုံး နှစ်သိန်းခွဲ ဒါမှမဟုတ် မိသားစုဝင်ထဲက ဝန်ထမ်း ၂ ယောက်ရဲ့ ဝင်ငွေပေါင်း နှစ်သိန်းခွဲရှိဖို့ လိုပါတယ်။ ဒါက ဝယ်ယူလိုတဲ့ အိမ်ပေါ်မူတည်ပြီးဆပ်သွားရမှာပါ" လို့ ပြောပါတယ်။
ဒီအိမ်ရာချေးငွေအတွက် အနည်းဆုံး ငွေကျပ် သိန်းနှစ်ရာတန်ဖိုးရှိတဲ့ အိမ်ကနေ သိန်းသောင်းချီတဲ့ အိမ်ယာတွေအတွက်ပါ ချေးငွေချထားပေးမှာဖြစ်ပြီး ပြန်ဆပ်ကာလ အနည်းဆုံး ၈ နှစ်ကနေ ၁၅ နှစ် အထိဆပ်နိုင်မှာဖြစ်ပါတယ်။
"အတိုး ၁၃ ရာခိုင်နှုန်းဆိုတာ အရပ်ထဲမှာပြောသလို ၁၃ ကျပ်တိုးမဟုတ်ပါဘူး။ လစဉ်ပေးရမယ့်ငွေက တသိန်းဆိုပါစို့။ အဲဒီ တသိန်းက အရင်းက ရှစ်သောင်းဆို အတိုးက နစ်သောင်းပါတယ်။ အဲဒီတော့ အရင်းက တဖြေးဖြေးလျော့သွားမှာဆိုတော့ အတိုးက နည်းနည်းသွားမှာ။ တနှစ်လုံးကို အတိုးတွက်မယ်ဆိုရင် ၇ ရာခိုင်နှုန်းပါ။ တနှစ်ကို ၇ ကျပ်တိုးဆိုတာ မြန်မာနိုင်ငံအတွက် တော်တော်အဆင်ပြေတဲ့နှုန်းထားပါ” လို့ ဦးဇာနည်လင်းက ဆက်ပြောပါတယ်။
အိမ်ရာချေးငွေလျှောက်ထားဖို့အတွက် အိမ်ထောင်စုစာရင်း၊ ရပ်ကွက်ထောက်ခံချက်၊ လစာဝင်ငွေ ထောက်ခံချက်နဲ့ အတူ မိမိဝယ်ယူလိုတဲ့ အိမ်အတွက် ဧရာဝတီဘဏ်နဲ့ ချိတ်ဆက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
အခုပြုလုပ်တဲ့ အိမ်ရာချေးငွေပြပွဲမှာလည်း ဆောက်လုပ်ရေးလုပ်ငန်းပေါင်း ၅၀ နဲ့ တိုက်ခန်း ၂၀၀၀ ကျော် ပါဝင် ပြသနေပါတယ်။