ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ရပ်နား၊ ဥပဒေကြမ်း ၁၄ ခု အတည်ပြု
DVB
·
March 30, 2018
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်ရပ်ရဲ့ သတ္တမပုံမှန်အစည်းအဝေးတွေကို မတ်လ ၂၉ ရက်မှာ ရပ်နားခဲ့ပြီး ဒီတကြိမ်လွှတ်တော်မှာ ဥပဒေကြမ်း ၁၄ ခုကို အတည်ပြု နိုင်ခဲ့ပါတယ်။
ဆက်လက်ဆောင်ရွက်ဖို့ ဥပဒေကြမ်း ၂၁ ခု ရှိတယ်လို့လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က မနေ့က လွှတ်တော် နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်း ပြောကြားသွားပါတယ်။
ဒီတကြိမ် လွှတ်တော်အတွင်း အစိုးရသစ်ရဲ့ ၆ လ ဘတ်ဂျက်ကို ဆွေးနွေး အတည်ပြုနိုင်ခဲ့ကြသလို ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီ ၁၄ ခုရဲ့ သက်တမ်း တိုးမြှင့်ခြင်းနဲ့ အစိုးရရဲ့ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီရဲ့ အစီရင်ခံစာကို အတည်ပြုခြင်းကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဥပဒေကို အမျိုးသားလွှတ်တော်မှာ ပြင်ဆင်အတည်ပြုခဲ့ပြီး ဒီဥပဒေနဲ့ပတ်သက်လို့ အများပြည်သူကြားမှာ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။
ငြိမ်းစုစီဥပဒေကို ပြင်ဆင်တဲ့ဥပဒေကို ပြည်သူ့လွှတ်တော်မှာ ဆက်လက် ဆွေးနွေးကြဦးမှာ ဖြစ်ပြီး ဆွေးနွေးမယ့်ကိုယ်စားလှယ် အယောက် ၈၀ စာရင်းပေးထားပါတယ်။
ဒါ့အပြင် သတ္တမအကြိမ်လွှတ်တော်အတွင်း တာဝန်က နုတ်ထွက်သွားတဲ့ သမ္မတ ဦးထင်ကျော် နေရာမှာ ဦးဝင်းမြင့်ကို သမ္မတသစ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြပါတယ်။