DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းဒုက္ခသည်များကို ကူညီခြင်းသည် မြန်မာနိုင်ငံအပေါ် စမ်းသပ်ခြင်းဖြစ်ဟုဆို
DVB
·
May 31, 2012
ပြည်တွင်းဒုက္ခသည်များကို ကူညီခြင်းသည် မြန်မာနိုင်ငံအပေါ် စမ်းသပ်ခြင်းဖြစ်ဟုဆို
1 / 3
Donate to DVB

နော်ဝေနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံက ပြည်တွင်း ဒုက္ခသည်တွေကို သွားရောက် ကူညီခဲ့တာ ဟာ   မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေ အမှန်တကယ်ရှိ မရှိကို စမ်းသပ်တာဖြစ်တယ် လို့ နော်ဝေနိုင်ငံ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးက ထိုင်း-မြန်မာအခြေစိုက် လူမှုအခြေပြု အဖွဲ့အစည်းတွေ ကို  ပြောကြားခဲ့ပါတယ်။

နော်ဝေ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ တိုဂျာလာစင်နဲ့ အဖွဲ့ဟာ  မေလ ၃၀ ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာ့အရေး လှုပ်ရှားသူတွေ၊ လူထုအခြေပြု ကူညီရေး အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံရာမှာ အခုလို ပြောကြားလိုက်တာပါ။

[caption id="attachment_26150" align="alignleft" width="300" caption="နော်ဝေ ဒု-နိုင်ငံခြားရေးဝန်ကြီး Mr.Torgeir Larsen"][/caption]

နော်ေ၀၀န်ကြီးက “သူတို့အဖွဲ့ဟာ မေလ ၂၈ ရက်နေ့က  ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ထဲမှာ   ပြည်တွင်း ကရင် ဒုက္ခသည်များ ဆိုင်ရာ ကူညီစောင့်ရှောက်ရေးကော်မတီ (စီအိုင်ဒီကေဘီ) နဲ့ တွေ့ဆုံပြီး   ပြည်တွင်း စစ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည် ကူညီထောက်ပံ့ရေး ကိစ္စတွေ၊ ဒုက္ခသည်ပေါင်း ၁ ထောင်ကျော်အတွက် စံပြကျေးရွာဆောက်လုပ်ပေးဖို့နဲ့ စားနပ်ရိက္ခာတွေ အကူအညီပေးမယ့် အကြောင်း” ပြောကြား သွားပါတယ်။

နော်ဝေ အစိုးရက ရွှေ့ပြောင်းဒုက္ခသည်တွေ အခြေချ နေထိုင်ရေး အတွက် အစီအစဉ်ကို အခုလို ချပြခဲ့ပေမယ့်လည်း  မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးက အနည်မထိုင်မီ နယ်စပ်ဖြတ်ကျော်ရေး အကူအညီတွေကို မြန်မြန်ဆန်ဆန် ဖြတ်တောက်ခဲ့တဲ့အပေါ်မှာ လူမှုအခြေပြု အဖွဲ့အစည်း ကိုယ်စားလှယ်တွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။

ရှမ်းအမျိုးသမီး ဆက်သွယ်ဖလှယ်ရေး အသင်းက နန်းချန်တောင်းက “နိုင်ငံရေး အခြေအနေ အတည်တကျ မဖြစ်သေးခင်မှာ ရွှေ့ပြောင်းဒုက္ခသည်တွေကို ပြန်ခိုင်းတာက ဘ၀ကို အန္တရာယ်ကြားထဲ တွန်းပို့ရာရောက်မနေဘူးလား၊ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ မငြိမ်မသက်ဖြစ်နေတုန်း ခုလို ပြည်တွင်းမှာ သွားရောက်ကူညီပေးနေတာဟာ တကယ်ငြိမ်းချမ်းမှုရမယ်လို့ ထင်သလား” လို့ မေးမြန်းခဲ့ပါတယ်။

တခြားအဖွဲ့အစည်း ကိုယ်စားလှယ်တွေကလည်း မြန်မာနိုင်ငံမှာ တရားမျှတမှု မရှိဘဲ   ငြိမ်းချမ်းရေးကို ရနိုင်မှာမဟုတ်ကြောင်း၊ အစိုးရရဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့် ဒေသခံတွေ   နေရာ အဓမ္မ ရွှေ့ပြောင်းခံနေရတာ၊ မိရိုးဖလာ လုပ်ငန်းကိုင်ငန်းတွေ ဆုံးရှုံးခဲ့ရတာတွေ ဖြစ်ခဲ့ကြောင်း၊ ဒါကြောင့် နော်ဝေအစိုးရက အစိုးရငြိမ်းချမ်းရေး တည်ဆောက်မှုကို ကူညီနေတာမှာ ပြည်သူတွေ နစ်နာဆုံးရှုံးခဲ့ရတာတွေ သတိချပ်စေချင်ကြောင်း တင်ပြခဲ့ပါတယ်။

ဒီလို မေးမြန်းတင်ပြခဲ့တဲ့အပေါ်မှာ နော်ေ၀၀န်ကြီးက “ကူညီရေးကိစ္စမှာ အစိုးရနဲ့လုပ်တာမဟုတ်ဘဲ လူမှုအခြေပြုအဖွဲ့အစည်းနဲ့ တိုက်ရိုက်လုပ်တာဖြစ်ကြောင်း၊   လေ့လာမိသလောက်တော့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိစ္စမှာ အမှန်တကယ် စိတ်ဝင်စားစွာနဲ့ ဆောင်ရွက်တာတွေ့ရပေမယ့် အရည်အချင်း ရှိ၊ မရှိ ကိုတော့ ဆက်လက် စောင့်ကြည့်ရမှာဖြစ်ကြောင်း” ၀န်ကြီးက ထည့်သွင်း ရှင်းလင်းသွားပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေကို အနောက်နိုင်ငံတွေက အသိအမှတ်ပြုခဲ့တာနဲ့ တပြိုင်နက်တည်းမှာပဲ နယ်စပ်ဒေသတွေ မှာ ပေးနေတဲ့ အကူအညီတွေကို   ဖြတ်တောက်လျှော့ချပြီး ပြည်တွင်းမှာ သွားရောက် ကူညီကြလို့ အလှူငွေတွေပေါ်မှာ အားထားနေတဲ့  နယ်စပ်တလျှောက်က စာသင်ကျောင်းတွေ ပိတ်ရတာ၊   ပညာရေး၊ စားဝတ်နေရေး၊ ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေ ကြုံနေကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013