DVB Logo
Home
မြန်မာသတင်း
၉၀ အနိုင်ရ တိုင်းရင်းသားပါတီ ၂ ခု ပါတီထူထောင်ခွင့်ပြု
DVB
·
May 31, 2012
Donate to DVB

ပြည်​ထောင်စု​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ကော်မရှင်က ​မေလ ၃၀ ရက်​နေ့​ ရက်စွဲနဲ့​ ၁၉၉၀ ပြည့်​နှစ် ပါတီစုံအ​ထွေ​ထွေ​ရွေး​ကောက်ပွဲအနိုင်ရ ရခိုင်ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို မှတ်ပုံတင်ခွင့်​နဲ့​ မွန်အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​က​နေအမည်​ပြောင်း​လဲ​လျှောက်ထား​ခဲ့​တဲ့​ မွန်ဒီမိုက​ရေစီပါတီကို တရား​ဝင် ပါတီအဖြစ် ထူ​ထောင်ခွင့်​ ခွင့်​ပြုလိုက်ပါတယ်။ ဒီလိုခွင့်​ပြုလိုက်တာနဲ့​ပတ်သက်ပြီး​ ရခိုင်ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ​ခေါင်း​ဆောင် တဦး​ဖြစ်တဲ့​ ဦး​အေး​သာ​အောင်က အခုလို​ပြောပြပါတယ်။

ဒီလို ခွင့်ပြုလိုက်တာနဲ့ ပတ်သက်ပြီး ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးအေးသာအောင်က “၃၀ ရက်နေ့ ၁ နာရီလောက်မှာ နေပြည်တော်ကနေ စာပို့ပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက အဲဒီစာကို လာပေးပါတယ်။ တရားဝင်ပါတီထူထောင်ခွင့် ပြုလိုက်တယ်/ အခု ဒီနေ့ပဲ ၈ နာရီမှာ အန်ကယ်တို့ပါတီဝင် ဟောင်းတွေပေါ့။ အရင်တုန်းက လက်ကျန်အမှုဆောင်တွေ အစည်းအဝေး လုပ်ပါတယ်။ အန်ကယ်တို့က နောက်လ ဒုတိယပတ်လောက်မှာ စစ်တွေမှာ အစည်းအဝေးတခုလုပ်ပါမယ်။ အဲဒီအစည်းအဝေးမှာ အရင် စီအီးစီ အဟောင်းတွေ စီအီးစီတွေ၊ နောက် စီစီတွေနဲ့ တချို့မြို့နယ်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ဖိတ်ခေါ်ပြီးတော့ အစည်းအဝေး လုပ်ပါမယ်။ အဲဒီအစည်းအဝေးကမှ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ စီအီးစီတွေကို အတည်ပြုမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

မွန်ဒီမိုကရေစီပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမင်းစိုးလင်းက “ကျနော်တို့ မွန်ဒီမိုကရေစီပါတီကို ဖွဲ့စည်းခွင့်ပြုတယ်ဆိုပြီးတော့ ၃၀ ရက်နေ့ပေါ့နော်။ အကြောင်းကြားစာ ရောက်ပါတယ်တယ်ခင်ဗျ။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ခင်ဗျ။ အခုကတော့ မွန်ဒီမိုကရေစီပါတီမှာ၊ ကျနော်တို့ အသစ်ဖွဲ့တဲ့ မွန်ဒီမိုကရေစီပါတီမှာ အရင် လူဟောင်းတွေ အများစုပါပြီးတော့ မွန်ပြည်သစ် ပါတီကနေ အနားယူထားတဲ့ မွန်ပြည်သစ်ပါတီ ရဲ့ ခေါင်းဆောင်ဟောင်းတွေ နဲ့ ပြန်လည် ဖွဲ့စည်းထားပါတယ်။ လူငယ်တွေလည်း ပါပါတယ်ခင်ဗျ။”

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င် ၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီ ၄ ခုကို ပြည်ထောင်စု ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က နိုင်ငံရေးပါတီ အဖြစ် ထူထောင်ခွင့် ပျက်ပြယ်တယ်လို့ ၂၀၁၀ တုန်းက ကြေညာခဲ့တာပါ။

နောက်ပိုင်းမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးမှုအပြီး နိုင်ငံရေးပါတီများ ဥပဒေပါ ပြဋ္ဌာန်းချက် အချို့ကို ပြင်ဆင်မှုရှိခဲ့သလို နိုင်ငံရေးအကျဉ်းသားတွေ လည်း ပြန်လည် လွတ်မြောက်လာပြီး နောက်ပိုင်း တိုင်းရင်းသားပါတီတွေ နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင် လျှောက်ထားလာကြရာက တရားဝင် ထူထောင်ခွင့် ရရှိလာကြတာပါ။

ဒီလို ၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီတွေထဲက ပါတီတွေ ပါတီထူထောင်ခွင့်တွေ ရရှိလာတာကြောင့် ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြရတဲ့ တိုင်းရင်းသားပါတီတွေကြား ဘယ်လိုတွေ ပူးပေါင်းဆောင်ရွက်လာကြမယ်ဆိုတာကလည်း စိတ်ဝင်စားစရာပါ။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီတို့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိနေတယ်လို့ ဦးအေးသာအောင်က ဆိုပါတယ်။

“အမျိုးသားအကျိုးအတွက် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနဲ့ လက်တွဲဆောင်ရွက်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့၊ ပူးပေါင်းဖို့ အန်ကယ်တို့က နည်းလမ်းတွေ ရှာဖွေသွားမှာပါ။ အထူးသဖြင့် စစ်တွေမှာရှိတဲ့ ဗဟိုကို ဒီတာဝန်တွေ ပေးထားပါတယ်။ ဒီပုဂ္ဂိုလ်များနဲ့ တိုးတက်ရေးက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များ ဆွေးနွေးညှိနှိုင်းပြီးတော့ အမျိုးသားရေးအတွက် ပူးပေါင်းရေး လက်တွဲဆောင်ရွက်ရေး ဒါတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။”

အလားတူ မွန်ဒီမိုကရေစီပါတီအနေနဲ့လည်း ၂၀၁၀ တုန်းက ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ရှိပေမယ့် လတ်တလော အဆင်မပြေမှုတွေ ရှိနေသေးတယ်လို့ ဒေါက်တာမင်းစိုးလင်းက ဆိုပါတယ်။

“မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ ၁၉၉၀ ရွေးကောက်ပွဲဝင် ကျနော်တို့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့နဲ့ ရည်ရွယ်ချက်လုပ်ငန်းစဉ်တွေက အတော်များများ တူပါတယ်ခင်ဗျ။ ကျနော်တို့ ၂ ပါတီပူးပေါင်းဖို့က ကျနော်တို့ အချင်းချင်းကြိုးစားတယ်၊ အချင်းချင်းကြိုးစားတဲ့အခါကြတော့ အဆင်မပြေဘူး ဖြစ်နေတယ်။ သံဃာတော်တွေနဲ့ ပြည်သူတွေရဲ့ တိုက်တွန်းချက်အရ ပေါင်းဖို့ဆိုပြီးတော့ သဘောတူ ဆုံးဖြတ်ကြပါတယ်။ အားလုံး သတင်းဌာနမှာ ပါနေတဲ့အတိုင်းပဲ၊ ၂၀၁၄ လောက်မှာ ပေါင်းမယ်ဆိုတော့။ လောလောဆယ် ပါတီရဲ့ လှုပ်ရှားမှုတွေ လုပ်ကိုင်နိုင်ဖို့အတွက် ကျနော်တို့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကနေ မွန်ဒီမိုကရေစီပါတီ ဆိုတဲ့ နာမည်အသစ်နဲ့ ကျနော်တို့ ပါတီထောင်ပြီးတော့ စတင်လှုပ်ရှားပါတော့မယ်။”

အခု ထူထောင်ခွင့်ရရှိတဲ့ ပါတီ ၂ ခုနဲ့အတူ ၉၀ ရွေးကောက်ပွဲ အနိုင်ရ လက်ကျန် တိုင်းရင်းသား ပါတီတွေထဲက ဦးခွန်ထွန်းဦး ဦးဆောင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူကျင့်ရှင်းထန် ဦးဆောင်တဲ့ ဇိုမီးအမျိုးသား ကွန်ဂရက်တို့လည်း ပါတီထူထောင်ခွင့် လျှောက်ထားခဲ့တာပါ။

အဲ့ဒီထဲက ဇိုမီးအမျိုးသား ကွန်ဂရက်ကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ကနေ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားလူမျိုးစာရင်းမှာ ဇိုမီး တိုင်းရင်းသား ပါဝင်မှု မရှိဘူးဆိုတဲ့ အချက်နဲ့ ဒီလကုန် နောက်ဆုံးထားပြီး အမည်ပြောင်းလဲဖို့ ညွှန်ကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013