DVB Logo
Home
မြန်မာသတင်း
လိႈင္သာယာလယ္သမားမ်ား အိုးအိမ္ဌာနကို ဆနၵျပ
DVB
·
May 31, 2012
Donate to DVB

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ထဲက လယ်သမားတွေဟာ အသိမ်းခံရတဲ့  လယ်မြေတွေ မှာ ပြန်လုပ်ကိုင်ခွင့် ရဖို့ တောင်းဆိုထားတဲ့ ကိစ္စ ဖြေရှင်းမပေးတဲ့အတွက် အိုးအိမ်ဌာနမှာ ဒီနေ့ သွားရောက် ဆန္ဒပြတောင်းဆိုကြပါတယ်။

လှိုင်သာယာမြို့နယ်ထဲက  အတွင်းပဒံ၊ အပြင်ပဒံနဲ့ ကျွန်းလုပ်ကြီးကျေးရွာ အုပ်စုတွေက လယ်သမား ၂၀၀ လောက်ကို လယ်သမားအရေး ကူညီပေးနေသူ ဦးဝင်းချို ဦးဆောင်ပြီး ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာရှိတဲ့ မြို့ရွာနဲ့ အိုးအိမ်ဦးစီး ဌာနကို ဒီမနက်ပိုင်းက သွားရောက် ဆန္ဒပြကြတာပါ။

လယ်သမားတွေဟာ ပြီးခဲ့တဲ့ မေ ၉ ရက်နဲ့ ၁၅ ရက်နေ့တွေကလည်း သွားရောက်တောင်းဆိုခဲ့ကြပြီး သူတို့တောင်းဆိုထားချက်ကို မလိုက်နာရင် မေလကုန်မှာ ဆန္ဒပြမယ်လို့ ပြောဆိုထားတဲ့အတိုင်း အခုလို ဆန္ဒပြတာလို့ ဦးဝင်ချိုက ပြောပါတယ်။

“ကျနော်တို့ အခုလုပ်နေတဲ့ လုပ်ရပ်တွေ အကုန်လုံးဟာ နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာ ကို စောင့်သိ ရိုသေခြင်း မရှိတဲ့ အပြုအမူတွေ မဟုတ်ပါဘူး။ ကျနော်တို့ဟာ နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာ ကို စောင့်သိ ရိုသေတဲ့ နိုင်ငံသားကောင်းတွေ ဖြစ်တယ်ဆိုတာကို သက်သေပြချင်တဲ့အတွက် မြန်မာနိုင်ငံ အလံကို ကိုင်ဆောင်ပြီး ဆန္ဒပြတာဖြစ်ပါတယ်။ ”

ပြီးခဲ့တဲ့ လဆန်းပိုင်းက လယ်သမားတွေက သူတို့ဆီကနေ  စက်မှုဇုန်အတွက် သိမ်းထားတဲ့ လယ်မြေတွေနဲ့ လုပ်ပိုင်ခွင့်တွေကို ၀ါဝါ၀င်းကုမ္ပဏီဆီကနေ အိုးအိမ်ဌာနက ပြန်လွှဲပြောင်းယူဖို့၊ အဲဒီ့နောက် ဒီမြေတွေကို မူလလက်ငုတ် မြေပိုင်ရှင် လယ်သမားတွေဆီကို ပြန်ပေးအပ်ဖို့နဲ့ ဒီမြေတွေမှာ လယ်သမားတွေ စုပေါင်းပြီး ကုမ္ပဏီထောင်လုပ်ကိုင်ခွင့်ရဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

လယ်သမား ဦးဝင်းဌေးက         “ကျနော်တို့ ပြန်ပြီးတော့ ကိုယ့်မြေကိုပြန်တောင်းထားတဲ့ကိစ္စက ၄ ကြိမ်ရှိပြီ၊ ဘာမှအကြောင်းမပြန်လို့ အဲဒီကိစ္စကို သိရအောင်လာတာပါ။ ကျနော်တို့ မြေတွေကို ၀ါဝါ၀င်းကုမ္ပဏီကယူတယ်။ ပြီးတော့ပြန်ရောင်းစားတယ်။ ကျနော်တို့ မြေကို ၁၉၉၈ - ၁၉၉၉ အဲဒီလောက်ထဲက ယူထားတာပါ။ အခုချိန်ထိ ဘာမှသူတို့ မဆောင်ရွက်နိုင်သေးဘူး။ အဲဒီလယ်မြေတွေပေါ်မှာ တချို့ကုမ္ပဏီတွေက သီးစားချစားနေတယ်။ အဲဒီမြေကို ကျနော်တို့ ပြန်တောင်းတော့မှ ခြံစည်းရိုးတွေခတ်ကုန်ကြတယ်။”

“ဒီလယ်မြေကို ဘာလို့ပြန်တောင်းလဲဆိုတော့ သူတို့နှစ်ရှည်လများ အောင်မြင်အောင် မလုပ်နိုင်ဘူး။ ကျနော်တို့ကနေ စုပေါင်းကုမ္ပဏီ ထောင်ပြီးတော့ ကျနော်တို့ဘာသာ စက်မှုဇုန်လုပ်မယ်လို့ ဆိုပြီးပြန်တောင်းတာပါ။ ကိုယ့်ရဲ့စားဝတ်နေရေး၊ သားသမီးတွေရဲ့ ရှေ့ရေးအတွက် အဲဒီလိုစဉ်းစားပြီး ပြန်တောင်းတာပါ။ ကျနော်တို့ စုပေါင်းပြီးတော့ ထောင်ရမှာပေါ့။ သူတို့လိုပဲ လူအများနဲ့ဆိုတော့ လုပ်လို့ရမှာပဲ၊ ဖြစ်အောင်လုပ်ရမှာပေါ့။”

လယ်သမားတွေရဲ့ လယ်မြေဧက ပေါင်း ၂ ထောင်လောက်ကို အိုးအိမ်ဦးစီးဌာနက  စက်မှုဇုန် တည်ဆောက်ဖို့ ဆိုပြီး ၁၉၉၈ ခုနှစ်လောက်က နစ်နာကြေး တစုံတရာမပေးဘဲ သိမ်းယူခဲ့ပါတယ်။

လယ်သမားတွေဟာ အသိမ်းယူခံရတဲ့ မိမိလယ်မြေထဲမှာပဲ သီးစားလုပ်ရတဲ့အတွက် လုပ်ငန်း အဆင်မပြေသလို ကြုံရာကျပန်း လုပ်ကိုင်စားသောက်ရတဲ့အတွက်လည်း စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013