ကျွန်းစုတွင် စက်လှေကိုမိုးကြိုးပစ်၍ တံငါသည် ၁ဦး သေဆုံး
DVB
·
March 28, 2018
မြိတ်ခရိုင် ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာ ဆိပ်ကမ်းမှာ မတ်လ ၂၅ ရက်က ဘုရားပွဲကို လာတဲ့စက်လှေငယ်တစ်စီးကို မိုးကြိုးထိမှန်ပြီး တံငါသည်အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ကျွန်းစုမြို့နယ်၊ ကဘင်းကျေးရွာအုပ်စု သဲအော်ကျေးရွာက စက်လှေငယ်ဟာ စခန်းသစ်ကျေးရွာ ဘုရားပွဲသို့ လာရောက်စဉ် မတ်လ ၂၅ ရက်ည ၈ နာရီလောက်က မိုးရွာလို့ ဆိပ်ခံဘောတံတားမှာ စက်လှေ ကြိုးချည်စဉ် မိုးကြိုးထိမှန်ခဲ့တာပါ။
စခန်းသစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထိုက်က “ရွာဘုရားပွဲကို လာတာပါ၊ စက်လှေပေါ်မှာ ၃ ဦးပါလာတယ်။ စခန်းသစ်ကျေးရွာရှိ ဆိပ်ခံဘောတံတားမှာ ဆိုက်ကပ်ပြီး၊ တစ်ယောက်တည်း ကျန်နေပြီး ကြိုးချဉ်နေရာက မိုးကြိုးထိမှန်ပြီး သေဆုံးတာ”လို့ ပြောပါတယ်။
မိုးကြိုးထိမှန်သေဆုံးသူဟာ ဦးဇော်မင်း (ခ) ကုလား အသက် ၃၂ နှစ်ရှိ တံငါသည်တစ်ဦး ဖြစ်ပြီး ကံမော်နယ်မြေ ရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်လှစ်ထားပါတယ်။
သတင်း - ဇော်ဇော် (မြိတ်)