ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ နဘဲပင်ကျေးရွာ စိမ်ဘုရား ကျောင်းတိုက်ရှိ နှစ်ပေါင်း ၁၀၀ နီးပါးရှိ ရှေးဟောင်းကျောင်းဆောင်ကြီး ပြိုကျပျက်စီးသွားမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ပြွန်တန်ဆာမြို့မှာ ရှေးအကျဆုံး သမိုင်းဝင်ကျောင်းဆောင်ကြီးတခုလည်းဖြစ်ပြီး တနှစ်ထက် တနှစ် ကျောင်းဆောင်ကြီးရဲ့ အုတ်နံရံတွေ အက်ကွဲကြောင်း ဖြစ်ပေါ်လာနေကာ အမိုးနဲ့ မျက်နာကြက်တွေ ကွာကျ ပျက်စီးနေပါတယ်။
ကျောင်းတိုက်တွင်းမှာ ရှေးမူလက်ရာ ကြောင်လိမ်လှေကားတခုရှိပြီး အဆိုပါကြောင်လိမ်ကားဟာလည်း ပျက်ဆီးသွားမယ့် အန္တရာယ်နဲ့ပါ ကြုံနေရတယ်လို့ ဒေသခံ ပြောပါတယ်။
စိမ်ဘုရားကျောင်းတိုက်ထဲက အဲဒီကျောင်းဆောင်ကြီးကို မြန်မာသက္ကရာဇ် ၁၂၈၀-၈၁ခုနှစ်က ဆောက်လုပ်ခဲ့တာဖြစ်ပြီး အလျား ၃၀ ပေ၊ အနံ ၃၀ပေ၊ အမြင့် ၄၀ ပေလောက်ရှိ အုတ်စီ သွပ်မိုး အုပ်ကျောင်းဆောင်ကြီး ဖြစ်ပါတယ်။
ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ မူလရှေးဟောင်းလက်ရာတွေ မပျက်စေဖို့ အစိုးရက ကူညီပံ့ပိုးပေးစေချင်သလို ဒကာ၊ ဒကာမတွေအနေနဲ့လည်း စိတ်ပါဝင်စားစွာ လာရောက်လေ့လာ ဆက်သွယ်လှူဒါန်းဖို့ စိမ်းဘုရာကျောင်းတိုက်ဆရာတော်က မိန့်ပါတယ်။
“ဒီကျောင်းဆောင်ကြီးဟာ နောက်နှစ်ဆို နှစ် ၁၀၀ ပြည့်ပြီ။ သမိုင်းဝင်ကျောင်းဆောင်ကြီးပါ။ ဦးဇင်းတို့အနေနဲ့ ဒီသမိုင်းဝင် ကျောင်းဆောင်ကြီးကို ပြိုကျသွားမှာကို စိုးရိမ်တယ်။ ပြန်လည်း ပြုပြင်ချင်တယ်။ ရှေးမူလက်ရာမပျက်ပေါ့။ ရှေးအနုပညာလက်ရာတွေလည်း ရှိတယ်။ ပြုပြင်ဖို့ရာ နိုင်ငံတော်ကို အသိပေးပြီးမှ ပြုပြင်ရမယ်ပြောနေကြလို့ ဦးဇင်းလည်း မပြုပြင်ရဲဘူး”လို့ စိမ်ကျောင်း တိုက်ဆရာတော်က မိန့်ပါတယ်။”
အဲဒီကျောင်းဆောင်ကြီးမှာ ရှေ့ဟောင်းကျောင်းတိုက် ၃ တိုက်နဲ့ ရှေးဟောင်းဘုရားတဆူ ကိန်းဝပ်စံပယ်နေပြီး သံဃာတော် ၄ ပါး သီတင်းသုံးနေပါတယ်။
သတင်း – နေလင်းထိုက်