
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဇွန် ၂ ရက်နေ့မှာ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတွေထဲက အကြီးဆုံးဖြစ်တဲ့ မယ်လ ဒုက္ခသည် စခန်းကို သွားရောက် မှာဖြစ်ပြီး ဒုက္ခသည်တွေက ကြိုဆို ဖို့ ပြင်ဆင်နေကြ ပါတယ်။
[caption id="attachment_26125" align="alignleft" width="300" caption="မယ်လဒုက္ခသည်စခန်း (ဓာတ်ပုံ - ရိုက်တာ)"]
[/caption]
ဒေါ်အောင်ဆန်းစုကြည် စခန်း ကို ရောက်လာတဲ့ အခါ ဒုက္ခသည်တွေကို အတင်းအကျပ် ပြန်မပို့ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ခိုင်မာအောင် ဆောင်ရွက်ပေးဖို့ တင်ပြတိုက်တွန်းမယ်လို့ မယ်လစခန်း ဥက္ကဋ္ဌ စောထွန်းထွန်း က ပြောပါတယ်။
“ကျနော်တို့ ဒုက္ခသည်တွေက ဖိနှိပ်ညှဉ်းပန်း နှိပ်စက်မှုခံရလို့ ထွက်ပြေးလာတဲ့ ဒုက္ခသည် လူထုတွေပါ။ ကျနော်တို့အနေနဲ့ကတော့ ဘယ်သူမဆို ကိုယ့်နေရာကို ပြန်ချင်တာပေါ့။ ဒါပေမယ့် အခု လက်ရှိ မြန်မာ နိုင်ငံရေး အခြေအနေက ပြုပြင်ပြောင်းလဲမှုတွေ ရှိနေပေမယ့် ကျနော်တို့ ဒုက္ခသည်တွေ ပြန်နိုင်လောက်တဲ့ လုံခြုံ စိတ်ချရတဲ့ အနေအထားမျိုး မရှိသေးဘူးလို့ ထင်တယ်။ ကျနော်တို့ ပြန်လို့ မရသေးဘူးလို့ ထင်တယ်။ ဒါကြောင့် ဒေါ်စုကို ကျနော်တို့ တောင်းဆိုမှာပေါ့။ ဒီအမျိုးသားပြန်လည်သင့်မြတ်ရေးတွေ ကြိုးစားပြီးတော့ အကောင်အထည်ဖော်ပေးဖို့၊ ဦးသိန်းစိန် အစိုးရကိုလည်း ပြန်ပြောပြပေးဖို့၊ နောက်ပြီးတော့ နယ်စပ်ဒေသတွေအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံးဖော်ဆောင်ပေးဖို့ ကျနော်တို့ တောင်းဆိုသွားမယ်လို့ စဉ်းစားထားပါတယ်။”
တာ့ခ်ခရိုင် သဆောင်ယန်းခရိုင် မယ်လကျေးရွာမှာ ၁၉၈၄ ခုနှစ်က ထူထောင်ခဲ့တဲ့ မယ်လဒုက္ခသည် စခန်းမှာ ဒုက္ခသည် ၅ သောင်းလောက် ခိုလှုံနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ မယ်လ ဒုက္ခသည် စခန်းမှာ လူထုကို မိန့်ခွန်းပြောကြားဖို့ ရှိသလို ဆေးရုံနဲ့ ကျောင်းကို သွားရောက်လေ့လာမယ် လို့ စောထွန်းထွန်း က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနိုင်ဖို့ မယ်လ စခန်းရဲ့ ဘောလုံးကွင်း မှာ နေရာ ပြင်ဆင်ပေးထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံးက ဒေါ်အောင်ဆန်းစုကြည်ထံကို အိတ်ဖွင့်ပေးစာ ၁ စောင်ပေးပို့ ကြိုဆို လိုက်ပါတယ်။ အဲဒီစာမှာ ဒုက္ခသည် စခန်းကို လာရောက် လည်ပတ်မှာကို ကြိုဆိုကြောင်း နဲ့ ကေအန်ယူနဲ့ အစိုးရကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေဆဲ လက်ရှိ ကာလမှာ ဒုက္ခသည်တွေကို အတင်းအကျပ်ပြန်ပို့မယ့် ကိစ္စကို စိုးရိမ် ပူပန်ကြောင်း ဖော်ပြ ထားပါတယ်။
ကေအန်ယူ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က “ဒုက္ခသည် အခြေအနေကို ကျမတို့ ပြောပြချင်တယ်။ အခုလောလောဆယ်မှာ ကျမတို့ ကေအန်ယူကတော့ ဒုက္ခသည် ပြန်ပို့ဖို့ အခြေအနေက မရောက်သေးဘူး။ အခု ဆိုရင် စကားပြောနေတုန်းပဲ ဖြစ်နေသေးတယ်ပေါ့။ အဲဒါ နိုင်ငံရေးပြဿနာ မဖြေရှင်းရသေးတဲ့ အတွက်ကြောင့်မို့ အဲဒါ ဒုက္ခသည် ပြန်ပို့ရေးကိစ္စက နိုင်ငံရေးပြဿနာ ဖြေရှင်းပြီးမှ နောက်ပိုင်း၊ ပြီးတော့ ဒုက္ခသည်တွေရဲ့ သူတို့ဘဝ အာမခံချက်၊ သူတို့ရဲ့လုံခြုံရေး အာမခံ ရရှိတဲ့ နောက်ပိုင်းမှပဲ အဲဒါ သူတို့ ဒီအခြေအနေအပေါ်မှာ ပြန်ပို့လို့ ရမယ်။”
မြန်မာဒုက္ခသည်တွေကို ပြန်ပို့ရေးမှာ အခြေခံ လူ့အခွင့်အရေးများနှင့် အညီ ဖြစ်သင့်ဖြစ်ထိုက် သည်များကို တိုက်တွန်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့တဲ့စာမှာ တိုက်တွန်းထားပါတယ်။
မြန်မာဒုက္ခသည်ရဲ့ လူ့အခွင့်အရေးဆိုင်ရာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မည်သည့်ကြိုးစားအားထုတ်မှု မဆို အသိအမှတ်ပြု ထောက်ခံမယ်လို့လည်း စာမှာ ဖော်ပြထားပါတယ်။











