Home
ရုပျသံ
သမ္မတသစ်နှင့် မြန်မာ့နိုင်ငံရေး အခင်းအကျင်း - အယ်ဒီတာစကားဝိုင်း
DVB
·
March 27, 2018
ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ မကြာခင်ရက်ပိုင်းအတွင်းက မြန်မာပြည်ရဲ့ ၉ ယောက်မြောက် သမ္မတကြီး ဦးထင်ကျော်က နုတ်ထွက်ခဲ့ပါတယ်။ သူ့နေရာမှာ သမ္မတအသစ် ရွေးချယ်ဖို့ ပြည်သူ့လွှတ်တော်မှာ ရွေးချယ်မှုလုပ်ငန်းစဉ်တွေ လုပ်ဆောင်ခဲ့ပြီး မြန်မာပြည်ရဲ့ ဆယ်ယောက်မြောက်ဖြစ်လာမယ့် သမ္မတနဲ့အတူ မြန်မာ့နိုင်ငံရေးအခင်းအကျင်း ဘာဖြစ်လာမလဲဆိုတာကို ဆွေးနွေးမှာဖြစ်ပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဆရာ မုံရွာအောင်ရှင်နဲ့ Myanmar Quarterly အယ်ဒီတာ ဦးနေထွန်းနိုင်တို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “အင်မတန်ရိုးသားပြီး အနေကုပ်တဲ့ ကိုယ့်အလုပ်ကိုယ်သွားတဲ့ သမ္မတဦးထင်ကျော်ကတော့ ရုတ်တရက် နုတ်ထွက်သွားပြီပေါ့။ အဲဒါနဲ့အတူ ဦးဝင်းမြင့်ကို သမ္မတတင်ဖို့ လုပ်နေပါတယ်။ အဲဒါနဲ့ပတ်သက်လို့ နိုင်ငံရေးသုံးသပ်သူတွေက အန်အယ်လ်ဒီရဲ့ ကျန်တဲ့သက်တမ်း နှစ်နှစ်ခွဲလောက်အတွင်းမှာ နိုင်ငံရေးအရ အရှိန်အဟုန်မြှင့်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တယောက်တည်း မဟုတ်တော့ဘဲ သမ္မတနဲ့ပါ ပေါင်းပြီးတော့ ရှေ့လျှောက် နိုင်ငံရေးအခင်းအကျင်း ဘာတွေဖြစ်လာနိုင်မလဲ။ ပိုပြီးတော့ အရှိန်အဟုန်မြှင့် တိုးတက်မှုတွေ ဖြစ်လာမလားဆိုတဲ့ မျှော်လင့်ချက်တွေ ရှိနေကြတယ်ပေါ့။ အဲဒါနဲ့ပတ်သက်ပြီးတော့ အခုအပြောင်းအလဲက ဘယ်လိုဖြစ်တာလဲ။ ဘာတွေ မျှော်လင့်လို့ရလဲ။ ဆရာ စပြီးသုံးသပ်ပေးပါ။” မုံရွာအောင်ရှင် (အတွင်းရေးမှူး၊ အန်အယ်လ်ဒီ ဗဟိုပြန်ကြားရေးကော်မတီ) “သမ္မတကြီး ဦးထင်ကျော် အခုလို ရုတ်တရက်ပေါ့လေ။ ကျနော်တို့လည်း သိပ်မမျှော်လင့်ဘူး။ စောစောတုန်းကတော့ ကျန်းမာရေးအခြေအနေ မကောင်းဘူးဆိုတာတော့ ကြားနေရတာပေါ့။ ရုတ်တရက်ကြီး ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ဘူး။ နုတ်ထွက်သွားပြီဆိုတဲ့အခါကျတော့ ရှေ့သွားရမယ့် သမ္မတအသစ်နဲ့ ဘယ်လိုသွားကြမလဲဆိုတာ စဉ်းစားကြတာပေါ့။ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်း တဆက်တည်း နုတ်ထွက်တယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် အဲဒီနေရာကို ဆက်ခံဖို့အတွက် ဦးဝင်းမြင့် ပြင်ဆင်ထားပြီဆိုတာ ကျနော်တို့ သတိပြုမိတာပေါ့။ ဦးဝင်းမြင့် သမ္မတဖြစ်နိုင်ခြေ အလားအလာ အကောင်းဆုံး ဖြစ်သွားပြီလို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အခုဆိုရင် အဲဒီအတွက် လွှတ်တော်ထဲမှာ ပြင်ဆင်နေကြပြီလေ။ ဦးဝင်းမြင့်ဟာ တကယ်ရော သမ္မတဖြစ်လောက်တဲ့ အရည်အချင်းရှိရဲ့လား၊ ဖြစ်နိုင်တဲ့ အနေအထားတွေ ရှိသလားဆိုတာ ကျနော်တို့ ပြန်ပြီးတော့ စဉ်းစားတဲ့အခါမှာတော့ ကျနော့်အနေနဲ့တော့ ဦးဝင်းမြင့်ဟာ သမ္မတဖြစ်နိုင်တဲ့ အရည်အချင်းရှိတယ်။ သမ္မတဖြစ်နိုင်လောက်တဲ့ အရည်အချင်း ဘာကြောင့်ရှိလဲဆိုတော့ နိုင်ငံရေးပါတီဘက်က ကြည့်ရင်လည်း ဦးဝင်းမြင့်အနေနဲ့ အရည်အချင်း ရှိတယ်။ ပြည်သူ့လွှတ်တော်ဘက်က ကြည့်ရင်လည်း အရည်အချင်းတွေက ပြည့်စုံပြီးသား ဖြစ်တယ်လို့ ကျနော်တို့ တွေ့ရပါတယ်။  ဥပမာဆိုပါတော့၊ ပါဘီဘက်ကဆိုရင် ဦးဝင်းမြင့်က တလျှောက်လုံး ပါတီ စပြီးထူထောင်ကတည်းက ပါတီအပေါ်မှာ သစ္စာရှိပြီးတော့ ပါတီလုပ်ငန်းတွေ တော်တော်များများကို နိုင်နိုင်နင်းနင်း လုပ်လာတာ တွေ့ရတယ်။ အမျိုးသားညီလာခံ ပထမအကြိမ် တက်တုန်းကလည်း ဒီလိုပဲ တက်တက်ကြွကြွ လုပ်ခဲ့တယ်။ နောက်ပိုင်းကျတော့လည်း ၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂၊ ၂၀၁၅ ပေါ့လေ။ သုံးကြိမ်တိုင်တိုင် အောင်မြေနင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ပဲ။ လွှတ်တော်ထဲမှာလည်း သူက ကျရာတာဝန်ကို နိုင်နိုင်နင်းနင်း ထမ်းဆောင်တယ်။ အခုနောက်ဆုံး ထမ်းဆောင်တဲ့ လွှတ်တော်ဥက္ကဋ္ဌ ဆိုရင်လည်း သူ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာတဲ့အခါကျတော့ လွှတ်တော်က တက်တက်ကြွကြွနဲ့။ ဆူတာ ပူတာရော၊ ကြိမ်းတာမောင်းတာရော ပါမှာပေါ့။ လွှတ်တော်က ပွင့်လင်းမြင်သာမှုတွေ တော်တော်များများရှိလာတာ တွေ့ရတယ်။ နောက်ဆုံးအချက်ကတော့ ဦးဝင်းမြင့်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်အားထားရတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တက်ညီလက်ညီနဲ့ လှုပ်ရှားလုပ်ကိုင်နိုင်တဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ တကယ်လို့ ဦးဝင်းမြင့်သာ သမ္မတ ဖြစ်မယ်ဆိုရင် မြန်မာ့နိုင်ငံရေး၊ အန်အယ်လ်ဒီနိုင်ငံရေးအတွက်ကတော့ အရင်ကထက် ပိုပြီးတော့ မျှော်လင့်လို့ရတဲ့ အားကောင်းမှုတွေ တွေ့နိုင်လိမ့်မယ်လို့ ယူဆပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဆရာကတော့ ရှေ့ဆက်မယ့် မြန်မာ့နိုင်ငံရေး၊ အန်အယ်လ်ဒီနိုင်ငံရေးနဲ့ ပိုပြီးတော့များ တိုးတက်မှုတွေ အရင်အမြန်ဖြစ်လာမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြောပါတယ်။ ဦးဝင်းမြင့်ရဲ့ နောက်ကြောင်းဆိုရင် ၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅ လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ရော၊ ပါတီအနေနဲ့ရော ခြေပေါ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဆရာနေထွန်းနိုင်လည်း မေးပါရစေ။ အခု မြန်မာပြည်ရဲ့ သမ္မတအသစ်တော့ ဖြစ်လာတော့မှာပေါ့။ အရင်တုန်းကတော့ နိုင်ငံတော်ရဲ့ ပြဿနာအတော်တော်များများကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တယောက်တည်း ရှင်းနေရတာပေါ့။ အများစုက ဝန်ကြီးအဖွဲ့ ဖြစ်နေတော့။ အခုတော့ နှစ်ယောက်။ အရင်တုန်းကတော့ သမ္မတဆိုတာ တော်တော်များများတော့ အခမ်းအနားတက်ဖို့လောက်ပဲ ပြောတယ်။ ဒေါ်စုကိုယ်တိုင်က သမ္မတအထက်မှာ နေမယ်။ ဒါပေမယ့် အခြေခံဥပဒေမှာ သမ္မတကို ပေးထားတာတော့ တော်တော်များတယ်။ ရှေ့ဆက်မယ့် မြန်မာ့နိုင်ငံရေး၊ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ကတိပြုခဲ့တဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးနဲ့ ခြေ/ဥပြင်ရေး အဲဒါတွေ ဘာတွေများ ဖြစ်လာနိုင်လဲ ဖြည့်စွက်သုံးသပ်ပေပါဦး။” ဦးနေထွန်းနိုင် (Myanmar Quarterly အယ်ဒီတာ) “သမ္မတဦးထင်ကျော် လက်ထက်ကို ပြန်ကြည့်မယ်ဆိုရင် သမ္မတစနစ်ရဲ့ အခန်းကဏ္ဍ အားနည်းခဲ့တာကို တွေ့ရတယ်။ အခုတော့ လွှတ်တော်သက်တမ်း နှစ်နှစ်ခွဲနီးပါး ဖြစ်တော့မယ်။ အစိုးရသက်တမ်းဆိုရင်လည်း နှစ်နှစ်နီးပါး ဖြစ်တော့မယ်။ သမ္မတဦးထင်ကျော် ရုတ်တရက် အနားယူသွားတယ်။ ပြန်စဉ်းစားကြည့်လိုက်တော့ ဒါတွေ အကုန်လုံးကို ကစားတာ၊ နေရာချတာက ဒေါ်အောင်ဆန်းစုကြည်တယောက်ပဲ။ သူ ဘယ်လိုတွေးသလဲ၊ ဘယ်လိုစဉ်းစားသလဲ ဆိုတာကိုပေါ့။ သူ ဘာကြောင့် ဦးထင်ကျော်ကို ရွေးခဲ့သလဲပေါ့။ အဓိကကတော့ သစ္စာရှိမှုကို လိုချင်တယ်။ သစ္စာရှိမှုအတွက် ဒီလိုပဲ ဦးစားပေးပြီး ရွေးခဲ့ကြတယ်ဆိုတာ သိရတယ်။ ဒါက ဦးထင်ကျော်ကို ရွေးခဲ့တာပေါ့။ ဦးဝင်းမြင့် သမ္မတ ဖြစ်လာမယ်ဆိုရင်ပေါ့၊ ဖြစ်ဖို့လည်း များပါတယ်။ ဖြစ်မှာပါပဲ။ ဦးဝင်းမြင့်နဲ့ ချိန်ထိုးပြီး စဉ်းစားကြည့်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် စဉ်းစားပုံ၊ သူ့ရဲ့မဟာဗျူဟာ အပြောင်းအလဲ လုပ်မယ်ဆိုတာ မြင်ရတယ်။ တစ်အချက်က ဦးထင်ကျော်က ပြောမယ်ဆိုရင် ရိုကျိုးတယ်၊ ထားရာနေ စေရာသွား ဆိုတဲ့ပုံစံမျိုး။ အေးအေးဆေးဆေးလေး သူ့ဘာသာနေတယ်။ သူ့ကာရိုက်တာအရလည်း ဒီသဘောဆောင်တယ်။ ဦးဝင်းမြင့်ကျတော့ နည်းနည်းလေး Aggressive ဖြစ်တာ တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်က Passive Loyalist ကနေ Aggressive Loyalist ကို ပြောင်းပြီးတော့မှ ကစားတော့မှာလား။ ဒါဆို ဘာကြောင့်လဲ။ ဘာကြောင့် ကစားတာလဲဆိုတဲ့ Question ပေါ့။ ကျနော် ထင်တာကတော့ သူများတွေက ပြောမှာပေါ့။ ဝန်ကြီးဌာနတွေ ပြောင်းဖို့ ပြုဖို့တော့ ပြောကြမှာပေါ့။ ကျနော် ထင်တာတော့ ၂၀၂၀ အတွက် ပြင်တယ်လို့ ထင်တယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက်ပေါ့။ တဖက်မှာလည်း ကိုယ့်ပါတီက မဟုတ်တဲ့ ဦးတီခွန်မြတ်လို လူမျိုးကို အငြင်းပွားဖွယ်ရာ ပြင်းထန်နေတဲ့လူကို ပြည်သူ့လွှတ်တော်ရဲ့ဦးသျှောင်၊ တချိန်မှာ နောက် မကြာတဲ့ကာလမှာ ပြည်ထောင်စုလွှတ်တော်ရဲ့ ဦးသျှောင် ဖြစ်လာတော့မှာ။ ဒီလိုလူတယောက်ကိုလည်း သူက ဆုပ်လိုက်တဲ့ပုံစံမျိုး ဖြစ်သွားတယ်။ အုပ်ချုပ်ရေးပိုင်းမှာတော့ ပိုပြီးတော့ Aggressive ဖြစ်တဲ့လူနဲ့ ကစားမယ့်ပုံစံမျိုး ရှိတယ်။ တင်းတင်းမာမာ ဖြစ်လာမယ့် အနေအထားမျိုးပေါ့။ အကိုင်အတွယ် မတတ်ရင်တော့ ပွတ်တိုက်မှု ရှိကောင်းရှိလာနိုင်တယ်။ ဘယ်သူနဲ့ ရှိလာမှာလဲဆိုတော့ တပ်မတော်နဲ့ပေါ့။ ဒီအနေအထားလေးကိုတော့ ဘယ်လိုဖြစ်လာမလဲလို့ မှန်းဆလို့ မရဘူး။ လက်ရှိအခြေအနေအရတော့ Passive ကနေ Aggressive ကို ပြောင်းလိုက်ပြီ။ အဲဒီရဲ့အကျိုးဆက်တွေ ဘာဖြစ်လာမလဲဆိုတာတော့ ကျနော်တို့ စောင့်ကြည့်ရမယ့်သဘော ရှိတယ်။” အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024