DVB Logo
Home
မြန်မာသတင်း
စစ်တပ်မြေတွင် ငှားနေသူများကို ဖယ်ရှားခိုင်း
DVB
·
May 30, 2012
Donate to DVB

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ထဲက ခမရ ၄၃၅၊ ၄၃၆၊ ၃၉၁ စတဲ့   စစ်တပ်ပိုင်မြေတွေမှာ ငှားရမ်းပြီး ဆိုင်ခန်း ဖွင့်ထားသူတွေ၊ မွေးမြူရေးလုပ်နေသူတွေကို မနက်ဖြန် မေလ ၃၁ ရက်နေ့ နောက်ဆုံး ထားပြီး ဖယ်ရှားခိုင်းခဲ့ပါတယ်။

မေလ ၂၂ ရက်နေ့ ရက်စွဲနဲ့ အမိန့်စာ ထွက်ပြီး ဖယ်ရှားခိုင်းခဲ့တာလို့ ဆိုင်ခန်းဖယ်ရမယ့်သူ တဦးက ပြောပါတယ်။

“တပ်ကငှားထားတာ ၁၅ နှစ်လောက် ရှိပါပြီခင်ဗျ။ ရန်ကုန်တိုင်း တတိုင်းလုံးမှာရှိတဲ့ တပ်ပိုင်မြေ တော်တော်များများ ကို ဖျက်ခိုင်းတယ်။ အကြောင်းပြချက် ဘာမှမရှိဘူးခင်ဗျ၊ အစည်းအဝေးဆုံးဖြတ်ချက်အရ ဆိုတဲ့ စာတမ်းတခုနဲ့ပဲ ဖယ်ခိုင်းတာပါခင်ဗျ။ ကျနော်တို့ကို ၂၂ ရက်နေ့မှစပြီး အသိပေးပါတယ်ခင်ဗျ။ ၃၁ ရက်နေ့အပြီးထွက်ခိုင်း ပါတယ်။ ပြောင်းဖို့ အတွက် မြေနေရာတွေ ဆိုတာ ဘယ်နေရာမှ ရှိလို့ မရဘူးခင်ဗျ။ ပြီးသွားရင် ဒီသက်ရှိ သတ္တဝါတွေကို ပြောင်းတဲ့အခါ ကျတော့ အရမ်း အခက်အခဲရှိတယ် အနည်းဆုံး ၆ လ၊ ၁ နှစ်လောက် ကြို တင်ပြီးတော့ သူတို့ စီမံချက်ပေးပြီးတော့ ပြောင်းခိုင်းရင် ပိုပြီးတော့ အဆင်ပြေမယ်။”

အဲဒီနေရာဟာ တပ်ပိုင်နယ်မြေတွေ ဖြစ်ပြီး တပ်အနီးနား တ၀ိုက်က နေထိုင်သူတွေက ရွာတွေမှာ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်လို့မရတဲ့ အတွက် အခကြေးငွေပေးပြီး ငှားရမ်းနေထိုင်ကြ တာ ဖြစ်ပါတယ်။

ဒီနေရာမှာ နေထိုင်သူဦးရေ ၆၀၀ လောက်ရှိပြီး လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက နေထိုင်လာကြဖြစ်ပြီး အခုလို ရုတ်တရက် ပြောင်းခိုင်းတဲ့အတွက် အခက်အခဲဖြစ်ရတယ်လို့ ဆိုပါတယ်။

“သူတို့မြေကို သူတို့ ဖယ်ခိုင်းတာတော့ မှန်တယ် ခင်ဗျ။ ဒါပေမယ့် ကျနော်တို့ ၆ လလောက်ဖြစ်စေ၊ ၁ နှစ်လောက်ဖြစ်စေ ကြိုပြီးတော့ အသိပေးရမယ်။ ကျနော်တို့က ဒါမှ မြေနေရာရှာပြီး ဝယ်လို့ ရမယ်။ ပြောင်းဖို့ အတွက် ကြိုတင်စီစဉ် လို့ ရမယ်။ ချက်ချင်းကြီး ပြောင်းဆိုတဲ့ ပုံစံမျိုးကြီး ပြောင်းခိုင်းလို့ ရှိရင် ကျနော်တို့က အဆင်မပြေဘူးခင်ဗျ။ ကျနော်တို့ အခုဆိုရင် ကျောင်းသားတွေ ရှိတယ်။ ကျောင်းဖွင့် ရာသီရောက်လာပြီ၊

ကျနော်တို့ ဒီပတ်ဝန်းကျင်မှပဲ ကျောင်းထား ထားတာ ခင်ဗျ။ ကျောင်းတွေက ထုတ်ပစ်ရမှာလား၊ ဘယ်ကို သွားရမှာလဲ။ မြေနေရာအဆင်သင့် ဝယ်လို့မရဘူး။ အခုဆိုရင် မြန်မာပြည်မှာ မြေဈေးက ၁ ဧကကို သိန်း ၇၀၀-၈၀၀-၁၀၀၀ ဖြစ်နေပြီ။ မွေးမြူရေးလုပ်ဖို့ ဝယ်နိုင်ဖို့ဆိုတာ ကျနော်တို့မှာ အင်အားမရှိဘူး။ ဒီခြံတွေကို ဖျက်လိုက်လို့ရှိရင် အကုန်လုံး ဆုံးရှုံးသွားပြီ ထင်းဖြစ်သွားပြီ။ အစကနေပြန်ပြီး ဘဝကို ရပ်တည်ရမှာ တော်တော်ဒုက္ခရောက်သွားနိုင်တဲ့ အနေအထား တခုဖြစ်တယ်။”

စတင် ငှားရမ်းစဉ်က ငှားရမ်းခ တလ ၈,၀၀၀ နဲ့ ငှားရာကနေ အခုနောက်ပိုင်း တလ ၄၀,၀၀၀ အထိ ပေးရတယ် လို့ အဲဒီဒေသခံက ပြောပါတယ်။ မနက်ဖြန် မဖယ်ပါက နေရာကို ဖျက်ပစ်မယ်ဆိုတာကြောင့် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013