ပြည်သူနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြန်လည်ထူထောင်ရေးဦးစီးဌာနသစ် ဖွဲ့စည်းဆောင်ရွက်နေ
DVB
·
March 26, 2018
ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ နိုင်ငံတကာအဖွဲအစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် မူဝါဒတွေ ချမှတ်ကာ ပြန်လည် ထူထောင်ရေးဦးစီးဌာနအသစ် ဖွဲ့စည်းပြီး လူကယ်ပြန်ဌာနကို ဦးစီးဌာန ၃ ခုနဲ့ ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
ပြီးခဲ့တဲ့လကစလို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနအသစ်ကို ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း ပါဝင်ကာ ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
လူမှုဝန်ထမ်းဦးစီးဌာနက နဂိုအတိုင်းထားရှိကာ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနလို့ အမည်ပြောင်းပြီး ပြန်လည် ထူထောင်ရေးဦးစီးဌာနကို အသစ်ထူထောင်လိုက်တာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆိုပါတယ်။
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် သီရိရတနာခန်းမမှာ မတ်လ ၂၅ ရက်နေ့က ညနေ ၆ နာရီက မြို့နယ်အတွင်းက မသန်စွမ်းသူတွေ၊ အိမ်ထောင်ဦးစီး မုဆိုးမတွေကို ထောက်ပံ့ငွေ ပေးအပ်ပွဲမှာ အခုလို ပြောကြားလိုက်တာပါ။
ဒေါက်တာဝင်းမြတ်အေးက “ကျနော်တို့ဝန်ကြီးဌာနအနေနဲ့ ဦးစီးဌာန သုံးခုနဲ့အတူ ဆောင်ရွက်နေပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနက နဂိုအတိုင်းပဲ ရှိပါတယ်။ ပြည်လည်ထူထောင်ရေး ဦးစီးဌာနကို အသစ်လုပ်လိုက်တာဖြစ်ပါတယ်။ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးကို နာမည်ပြောင်းပါတယ်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဖြစ်ပါတယ်။ ဒါဟာ ဘေးနဲ့ ပတ်သက်တယ်ဆိုတာ လူကြောင့်ဖြစ်တဲ့ သဘာဝ ဘေးပေါင်းစုံနဲ့ပတ်သက်ရင် ကျနော်တို့ အလျင်အမြန် တုံ့ပြန်မယ်။ မဖြစ်ခင်မှာ ကြိုတင်ကာကွယ်မယ်ဖြစ်ပြီးရင် ပြန်လည်ထူထောင်ရေးမှာ နဂိုကောင်းတဲ့ အခြေအနေတရပ်ကို ရောက်ရှိအောင်ဆိုပြီးတော့ အဲဒီလိုနည်းတွေနဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်”လို့ ပြောပါတယ်။
အဆိုပါထောက်ပံ့ငွေပေးအပ်ပွဲကို ညောင်လေးပင်မြို့နယ်အတွင်းမှာရှိတဲ့ မသန်စွမ်းသူ တဦးကို ၅၀,၀၀၀ ကျပ်နှုန်းနဲ့ ၁၄၈ ဦးအတွက် ၇,၄၀၀,၀၀၀သိန်း၊ အိမ်ထောင်ဦးစီးမုဆိုးမ တဦးကို ၁၅၀၀၀ ကျပ်နှုန်းနဲ့ ၅၅၈ ဦးအတွက် ၈,၃၇၀,၀၀၀ ကျပ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ပေးခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်