DVB Logo
Home
မြန်မာသတင်း
လူသတ်မှု သံသယရှိသူ ၃ ဦး ဖမ်းဆီးရမိ
DVB
·
May 30, 2012
Donate to DVB

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးသူ အမျိုးသမီး တဦးကို သတ်ခဲ့တယ်လို့ သံသယရှိသူ ၃ ဦးကို ကျောက်နီမော်ကျေးရွာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတယ် လို့ ကျောက်နီမော်ကျေးရွာသားတဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်က ကျောက်နီမော်ကျေးရွာမှာ အပ်ချုပ်သင်တန်းတက်ပြီး  အိမ်အပြန်လမ်းမှာ ပျောက်ဆုံးသွားတဲ့ ချောင်းဝကျေးရွာအုပ်စု သပြေချောင်းကျေးရွာသူ အသက် ၂၆ နှစ်အရွယ် မသီတာထွေးဟာ လည်ပင်းနဲ့ ၀မ်းဗိုက်တွေမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။

အလောင်းကို တွေ့ရှိခဲ့ပြီးနောက် ရွာနီးချုပ်စပ်က ရာနဲ့ချီတဲ့ ရွာသားတွေက ကျောက်နီမော်ကျေးရွာ ရဲခစန်းရှေ့ကို သွားရောက်ပြီး တရားခံဖော်ထုတ်ပေးဖို့ မနေ့ နေ့ခင်းက တောင်းဆိုခဲ့ပါတယ်။

ဒီနောက်မှာတော့ ရဲက  ထက်ထက်ဆိုသူကို  ရန်းဗြဲမြို့ပေါ်ကိုအသွားမှာ မနေ့ညက ဖမ်းမိခဲ့ပြီး ကျန်နှစ်ဦးကိုတော့ ကျောက်ထရံရွာကနေ ဖမ်းမိတယ်လို့ ဆိုပါတယ်။

ဒီလူငယ် ၃ ဦးစလုံးဟာ ကျောက်ထရံကျေးရွာကဖြစ်ပြီး သူတို့ကို မနေ့ညကပဲ ကျောက်ဖြူမြို့နယ် ကို ခေါ်ဆောင်သွားတယ်လို့ ကြားသိရတဲ့အကြောင်း နယ်မြေခံရွာသားက ပြောပါတယ်။

ဒီသတင်းကို ကျောက်နီမော် ရဲစခန်း တာဝန်ရှိသူတွေကို မေးမြန်းရာမှာ အလုပ်များလွန်းနေ တာကြောင့် လောလောဆယ် အဖြေမပေးနိုင်သေးဘူးလို့သာ ဖြေဆိုပါတယ်။

ဒီနေ့ခင်းမှာ မသီတာထွေးရဲ့ အလောင်းကို သင်္ဂြိုဟ်ဖို့ စီစဉ်ထားပါတယ်။ ဒီလူသတ်မှုနဲ့ စပ်လျဉ်းပြီး မကျေနပ်တဲ့ ရာနဲ့ချီတဲ့ ရွာသားတွေဟာ မော်တော်ဆိုင်ကယ်တွေ၊ မော်တော်တွေနဲ့ ရန်းဗြဲမြို့ပေါ်က အုပ်ချုပ်ရေးအာဏာပိုင်တွေထံ တက်သွားကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

အခြေအနေကို ထိန်းသိမ်းနိုင်အောင် ဘာသာရေးခေါင်းဆောင်တွေ၊ သက်ဆိုင်ရာ ရဲ တာဝန်ရှိသူတွေ နဲ့ မြို့မိမြို့ဖတွေက ဖျောင်းဖျနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013