မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ဖလန်ကန်ရွာက ရှေးဟောင်းကျောင်းကြီးဟာ နှစ်ကာလကြာမြင့်လာတဲ့အတွက် ပျက်စီးတာတွေ များပြားနေတာကြောင့် ရှေးမူမပျက် ပြင်ဆင်ဖို့ အခက်အခဲရှိနေတယ်လို့ ဖလန်ကန်ရွာခံတွေက ပြောပါတယ်။
ဖလန်ကန်ရွာဘုန်းတော်ကြီးကျောင်း ဆရာတော် ဥူးဇာဂရက “ဆင်ဖြူရှင်မင်း လက်ထက်က ဆောက်တာပေါ့။ ပြိုတဲ့နေရာတွေ ထပ်မပျက်အောင် ဟိုနားကျားကန် ဒီနားထောက်တော့ လုပ်ထားရတယ်၊ ပိုမပျက်အောင်ပေါ့။ ပေစာတွေ ပုရပိုက်တွေကတော့ ရှေးသေတ္တာကြီးမှာ စုထည့်ထားရတယ်။ ပြိုကျတဲ့အထဲက ၃ ထပ်ပန်း ၄ ထပ်ပန်း ပန်းပုတွေကို မိုးလုံလေလုံမှာ ကပ်ထားရတယ်။ ပညာရှင်တွေတော့ လာပြီးလေ့လာကြတယ်”လို့ မိန့်ပါတယ်။
ဖလန်ကန်ရွာကျောင်းအုပ်ဆရာကြီး ဦးညွှန့်ဝင်းက “ဆင်ဖြူရှင်မင်းလက်ထက်က ဆောက်ခဲ့တာလို့ အဘိုးအဘွားတွေ ပြောကြတယ်။ ဆင်ဖြူရှင်မင်း ယိုးဒယားကိုတိုက်တုန်းက ဒီရွာက စစ်သည်ညီအကို နှစ်ယောက်ပါခဲ့တယ်။ စစ်နိုင်လို့ ယိုဒယားက ပန်းပုပညာရှင်တွေနဲ့ ဆောက်ထားတဲ့ ကျောင်းကြီးပေါ့။ အဲတုန်းကပါလာတဲ့ ယိုးဒယားတွေက ယိုးဒယားက စေတီပုံတွေနဲ့ထပ်တူ လွမ်းစေတီတွေတောင် တည်ထားတယ်။ အခုတော့ ဒီရွာသားတွေ ဖြစ်ကုန်ပြီလေ။ နှစ်တွေကြာတော့ အတော်ပျက်စီးလာပြီ ပြန်ပြင်လိုက်ရင် တန်ဖိုးရှိတဲ့ ရှေးမူတွေ ပျက်သွားမှာ စိုးရိမ်မိတယ်”လို့ ပြောပါတယ်။
ဝမ်းတွင်းမြို့နယ် ဖလန်ကန်ရွာဟာ မလှိုင်ရွှေပေါ်ကျွန်းနဲ့ ဝမ်းတွင်းမြို့ ဆက်တဲ့လမ်းပေါ်မှာ ရှိပါတယ်။ ရွှေပေါ်ကျွန်းလမ်းကိုပဲ ရန်ကုန်-မန္တလေး အမြန်လမ်းနဲ့ လမ်းဟောင်းဆက်လမ်း လို့လဲခေါ်ပါတယ်။ ဝမ်းတွင်းမြို့နဲ့ ဖလန်ကန်ရွာ ၁၃ မိုင် လောက်ဝေးပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)