DVB Logo
Home
မြန်မာသတင်း
ဆနၵျပမႈျပဿနာမ်ား ပြေလည်အောင် ဆောင်ရွက်ပေးကြရန် ပါတီများကို ကော်မရှင်တိုက်တွန်း
DVB
·
May 30, 2012
ဆန္ဒပြမှုပြဿနာများ ပြေလည်အောင် ဆောင်ရွက်ပေးကြရန် ပါတီများကို ကော်မရှင်တိုက်တွန်း
Donate to DVB

လက်ရှိဖြစ်ပေါ်နေတဲ့ လျှပ်စစ်မီးနဲ့ အလုပ်သမား ဆန္ဒပြမှု ပြဿနာတွေကို နိုင်ငံရေး ပါတီတွေ အနေနဲ့ ပြေလည်အောင်ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က နိုင်ငံရေးပါတီ တချို့ကို ခေါ်ယူပြီး တိုက်တွန်းပြောကြားလိုက် ပါတယ်။

မေ ၂၉ ရက်နေ့က ကြံ့ခိုင်ရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ အပါအ၀င် နိုင်ငံရေးပါတီ ၅ ခုက ပါတီခေါင်းဆောင်တွေ ကို နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က ခေါ်ယူပြီး တိုက်တွန်းပြောကြားလိုက်တာပါ။

လက်တလော ဖြစ်ပေါ်နေတဲ့ လျှပ်စစ်မီးပြဿနာနဲ့ အလုပ်သမားရေး ဆန္ဒပြ ပြဿနာတွေ အပေါ် အလုပ်သမား ၀န်ကြီးဌာနနဲ့ အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနတို့မှ ဒု ၀န်ကြီးတွေက ရှင်းလင်းပြောကြားပြီး နိုင်ငံရေး ပါတီတွေအနေနဲ့ ပြေလည်အောင် ၀ိုင်းဝန်းဆောင်ရွက်ကြ ဖို့ ပြောကြားခဲ့ကြပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြလာပြီး အဲ့ဒီထဲမှာ စက်ရုံပိုင်ရှင်အချို့ရဲ့ အလုပ်သမား ဆန္ဒပြပွဲတွေမှာ နိုင်ငံရေးပါတီ အချို့ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေ ဖော်ပြလာတာမျိုးတော့ မရှိဘူးလို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

“ဒီနေ့ သတင်းစာထဲမှာ ကော်မရှင် ဥက္ကဋ္ဌ ပြောကြားတာကတော့ အဲဒီ ထဲမှာ ကျနော် မှတ်ထားတဲ့ထဲမှာ သီးခြားမပါတာကတော့ အလုပ်သမားဆန္ဒပြ ပြဿနာမှာ စက်ရုံပိုင်ရှင်တွေက. အချို့ပါတီတွေ ပါဝင်ပတ်သက်နေပါတယ်လို့ တိုင်ကြားထားတွေလည်း ရှိတယ်တဲ့ သူတို့ဆီမှာ။ အဲဒီတော့ ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေပြေလည်လည်ဖြစ်အောင် ဝိုင်းပြီးတော့ ဖြေရှင်းပေးကြပါတဲ့။ အဲဒီလို တိုက်တွန်း တောင်းဆိုပါတယ်တဲ့။ အဲဒါ တချက်ပါတယ်။ အဲဒါ သတင်းစာထဲမှာ ဒီနေ့ မတွေ့ဘူး။ ကျန်တာကတော့ အဲဒီ သူပြောတာတွေ အနှစ်ချုပ်တွေကို သတင်းစာက ရေးထားတာပါပဲ။ ကျနော်တို့ ပြန်ပြောတာတွေကတော့ မတွေ့ဘူး သတင်းစာထဲမှာ။”

ဒီလိုနိုင်ငံရေးပါတီတွေ ပြေလည်အောင် လုပ်ဆောင်ပေးဖို့ တိုက်တွန်းချက်အပေါ်ကိုလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ပြေလည်အောင်လုပ်ဆောင်ပေးဖို့ဆိုတာ အစိုးရအပေါ်မှာသာ တာဝန်ရှိတဲ့အကြောင်း ပြန်လည် အကြံပြုတင်ပြတယ်လို့ ဦးအုန်းကြိုင်ကဆိုပါတယ်။

“ကျနော်ပြောခဲ့တာကတော့ အချက်ကတော့ ၂ ချက်ပါပဲ။ တချက်က ကျနော်တို့ပါတီက ပါတီဝင်တွေ ကို ဒီကိစ္စနဲ့ ပတ်သက်လို့ တစုံတရာ ညွှန်ကြားထားတာ မရှိဘူး။ နောက်တခုက အခု ကျနော်တို့ နိုင်ငံရေးပါတီဆိုတာ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ ပြည်သူလူထုရဲ့ အခြေခံ ရပိုင်ခွင့်တွေ လွတ်လပ်ခွင့်တွေကို ကာကွယ်ပေးမယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ ကျနော်တို့က ပါတီအဖြစ်ထောင်ထားတာ။ အဲဒီတော့ ပြည်သူလူထုက သူတို့ လိုအပ်ချက်တွေ၊ မပြည့်စုံနေတာတွေ တောင်းဆိုတာဟာ ပြည်သူလူထုရဲ့ ပိုင်ခွင့်ပဲ။ ကျနော်တို့က အဲဒီလိုပဲ နားလည်တယ်။

“အခု ဖြစ်နေတဲ့ ပြဿနာတွေက လျှပ်စစ်မီး မလုံလောက်တဲ့ ပြဿနာ၊ နောက် အလုပ်သမားတွေ ဒုက္ခနဲ့၊ ယနေ့ စားဝတ်နေရေး အခြေအနေနဲ့ အံမကျလို့ လုပ်ခ တိုးပြီးတော့ လိုချင်တဲ့ ပြဿနာ။ အဲဒီ ပြဿနာတွေက အခုမှ ဖြစ်နေတာမဟုတ်ဘူး။ နှစ်တိုင်း ဖြစ်နေတာ။ ဒါပေမယ့် ဒီနှစ်ကတော့ ဘာကြောင့်လဲဆိုတော့ အစိုးသစ်က ပြည်သူလူထုရဲ့ လွတ်လပ်ခွင့်ကို အတော်အတန် ဖွင့်ပေးလိုက်ပြီ။ ဒါကြောင့်မို့ အခုလို ငြိမ်းချမ်းစွာ တောင်းဆိုမှုတွေ မြင်လာရတာဖြစ်တယ်။ အဲဒီတော့ အဲဒါတွေ အကုန်လုံး ဖြေရှင်းပေးဖို့က အစိုးရမှာပဲ တာဝန်ရှိတယ်။ အလုပ်သမားဝန်ကြီးတို့၊ လျှပ်စစ်ဝန်ကြီးတို့၊ ဒုတိယဝန်ကြီးတို့ပေါ့ဗျာ။”

“ရှင်းပြတဲ့ အချက်တွေက တော်တော်ကောင်းတယ်။ အဲဒါတွေကို ပြည်သူလူထု ကြိုကြိုတင်တင် သိထားအောင်၊ ဆင်ခြင်နိုင်အောင်၊ ပြည်သူလူထု ပွင့်ပွင့်လင်းလင်း အသိပေးထားဖို့ ကောင်းတယ်။ အခုကျမှ ပြည်သူလူထုက အဲဒါတွေ ဂဃနဏမသိရင် ဘယ်လိုမှ ပြည်သူလူထုက မှန်မှန်ကန်ကန် ဆင်ခြင်နိုင်မှာ မဟုတ်ဘူး။ အဲဒီလို သတင်းမှန်တွေကို မသိရတာဟာကလည်း အစိုးရမှာပဲ တာဝန်ရှိတယ်။ ခြုံပြောရရင်တော့ အဖွဲ့ချုပ်က တိုင်းပြည်ကောင်းဖို့အတွက် ဒါတွေကို အမြန်ဆုံး ဖြေရှင်းပေးပါလို့ ထပ်ပြီးတော့ တောင်းဆိုပါတယ် ကူညီပါ့မယ်။ ကျနော် အဲဒီလို ပြောခဲ့ပါတယ်။”

ဒီတွေ့ဆုံမှုမှာပဲ လက်တွေ့ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ပြည်သူလူထုသိအောင် စောစောစီးစီး သတင်းမှန်တွေကို မထုတ်ပြန်ပေးခဲ့တဲ့အပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးကလည်း အစိုးရအဖွဲ့အပေါ် ဝေဖန်မှုတွေရှိခဲ့တာပါ။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကတော့ ဒီအခြေအနေတွေကို နိုင်ငံရေး ပါတီတွေအနေနဲ့ ဥပေဒနဲ့အညီ မှန်မှန်ကန်ကန် ရပ်တည်ဖို့နဲ့  ပြည်သူတွေကို စည်းရုံးရှင်းပြပြီး တိုင်းပြည်တိုးတက်အောင် နိုင်ငံရေးပါတီတွေက ၀ိုင်းလုပ်ဆောင်ကြဖို့ ပြောကြားမှုတွေလည်း ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013