Home
ဆောင်းပါး
သီလရှိတဲ့သမ္မတနဲ့ ရုပ်သေးရုပ်တိုင်းပြည်
DVB
·
March 26, 2018
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် တန်ခူးလဆန်း ၅ ရက်) က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက် အမှတ် ၁/၂၀၁၈ မှာ နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်ဟာ လက်ရှိအလုပ်တာဝန်များမှ အနားယူလိုသောကြောင့် နုတ်ထွက်သွားပါတယ်လို့ ထုတ်ပြန်ခဲ့တဲ့သတင်းကြောင့် မြန်မာနိုင်ငံတဝှမ်းလုံးကို တအံ့တသြ လှုပ်ခတ်စေခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကိုယ်ရေးအကျဉ်းချုပ်ကို ပြန်ကြည့်မယ်ဆိုရင် ၁၉၄၆ ဇူလိုင်လ ၂၀ ရက်နေ့ ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပြီး ဖခင်ကတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးမော်ကွန်းဝင် ခေတ်စမ်းစာပေရဲ့ ဖခင်လို့ တင်စားခံရတဲ့ ကွမ်းခြံကုန်းမြို့သား ၁၉၉၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ရွေးကောက်ခံကိုယ်စားလှယ် ဂန္ထဝင်ကဗျာဆရာနဲ့ စာရးဆရာကြီး မင်းသုဝဏ်ဖြစ်ပြီး မိခင်ကတော့ ဒေါ်ကြည်ကြည် ဖြစ်ပါတယ်။ ငယ်စဉ်က ပညာရေးမှာ ထူးချွန်တာမို့ လူရည်ချွန် ၅ ထပ်ကွမ်း ရရှိသူ ဖြစ်ပါတယ်။ အခုတော့ ဒဂုံ အထက (၁) လို့ ခေါ်တဲ့ Methodist English High School ကနေ ၁၉၆၂  ခုနှစ် ဆယ်တန်းစာမေးပွဲမှာ မြန်မာတနိုင်ငံလုံး အဆင့် ၃ နဲ့ အောင်မြင်ခဲ့ပြီးတော့ စီးပွားရေးတက္ကသိုလ်ကို တက်ရောက်လို့ စီးပွားရေးဆိုင်ရာ မဟာဘွဲ့ကို ၁၉၆၈ ခုနှစ်မှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကနေ ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ပညာသင်ကျောင်းသားဖြစ်ပြီး ၁၉၇၁-၁၉၇၂ ခုနှစ်မှာ lnstitute of Computer Science University of London ကို တက်ရောက်ပညာသင်ယူခဲ့ပြီး ၁၉၇၅ ခုနှစ်မှာ သူ့ရဲ့ ဒုတိယ မဟာဘွဲ့ဖြစ်တဲ့ ကွန်ပျူတာမဟာဘွဲ့ကို ရရှိခဲ့ပါတယ်။ သမ္မတကြီးဟာ ၁၉၈၇ ခုနှစ်မှာ Arthur Delittle Managment Education lnstitute - Cambridge, Massachusetts ကို တက်ရောက်ဆည်းပူးခဲ့ပါသေးတယ်။ အစိုးရဝန်ထမ်းဘဝကို ပြန်ကြည့်ရင်တော့ ၁၉၆၈ ခုနှစ်မှာ M.Eco Part 2 – တက်ရောက်စဉ် တက္ကသိုလ်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်မှာ ဦးထင်ကျော်ဟာ စက်မှု (၂) ဝန်ကြီးဌာနမှာ လက်ထောက်ဌာနကြီးမှူး Deputy Division Chief အဖြစ်နဲ့ တိုင်းပြည်ကို အလုပ်အကျွေးပြုခဲ့ပြီး ၁၉၈၀ ခုနှစ်မှာ စီမံကိန်းဝန်ကြီးဌာနရဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာနမှာ လက်ထောက်ညွှန်ကြားရေးမှူး (Deputy Director in the Foreign Economic Relations Department, Ministry of Planning and Finance) အဖြစ် ရာထူးတိုးမြှင့် ခန့်အပ်ခံခဲ့ရပါတယ်။ ဦးထင်ကျော်ဟာ ၁၉၉၂ ခုနှစ်မှာတော့ ရာထူးက နုတ်ထွက်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ် စက်တင်ဘာ ၂၂ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့ပြင်ကိုထွက်တဲ့ ခရီးစဉ်ကို ကူညီတဲ့အတွက် စစ်အစိုးရရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပြီး အင်းစိန်ထောင်မှာ လေးလ အကျဉ်းကျခံခဲ့ရပါတယ်။ ဒါကြောင့်မို့လို့လည်း သမ္မတကြီးက ဘဝဆက်တိုင်း မင်းပြစ်မင်းဒဏ်က လွတ်ကင်းတဲ့သူ ဖြစ်ချင်တယ်လို့ ဆုတောင်းခဲ့တာ ဖြစ်ပုံရပါတယ်။ ၂၀၁၂ ခုနှစ်ကနေစပြီး ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည် တည်ထောင်ခဲ့တဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှာ စီနီယာအမှုဆောင်အရာရှိအဖြစ်နဲ့ ပရဟိတ လုပ်ငန်းတွေမှာ နှစ်မြုပ်ပြီး နေပူမိုးရွာမရှောင် အများအကျိုး သယ်ပိုးဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုဆန္ဒမဲ အများစုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရခဲ့ပေမယ့် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စိတ်ကြိုက်ရေးဆွဲခိုင်းလို့ အရင်သမ္မတဟောင်း ဦးသိန်းစိန် စစ်ဗိုလ်ချုပ်ကြီးဘဝနဲ့ သဘာပတိလုပ်ပြီး ဆယ်စုနှစ်နှစ်ခုနီးပါး ရေးသားပြဋ္ဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန်ယူလို့ မရအောင် တမင်သက်သက် ကြိုတင်ထည့်သွင်း ရေးဆွဲထားတာမို့ သမ္မတနေရာအတွက် စဉ်းစားကြတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က အဆိုပြုလို့ အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်တွေနဲ့ တိုင်ပင်ဆုံးဖြတ် ရွေးချယ်ရာမှာ ဦးထင်ကျော်ဟာ သမ္မတနေရာအတွက် လျာထားခံခဲ့ရပြီးတဲ့နောက် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်လို့ မြန်မာနိုင်ငံတော်ရဲ့ ပထမဆုံး ပြည်သူလူထုရွေးကောက်ခံ သမ္မတ တဦး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ အနားယူသွားတဲ့ သမ္မတကြီး ဦးထင်ကျော်ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ဆန်းစစ်ကြည့်တဲ့အခါမှာ ပြည်သူလူထုကို ဖိနှိပ်ညှဉ်းပန်းခဲ့တာ၊ ပြည်သူလူထုဆန္ဒကို ဆန့်ကျင်လုပ်ဆောင်ခဲ့တာ၊ ပြည်သူ့ဘဏ္ဍာငွေကြေးတွေ အချည်းအနှီး သုံးစွဲခဲ့တာ၊ ပြည်သူလူထုပိုင်ပစ္စည်း မြေယာတွေကို ပြည်သူမသိဘဲ၊ အလိုမတူဘဲ သိမ်းယူခဲ့တာ၊ ပြည်သူကို ဒုက္ခပေးခဲ့တာ ပြည်သူကို အနိုင်ကျင့်ခဲ့တာတွေ လုံးလုံးမလုပ်ခဲ့တာ ပြည်သူတွေကိုယ်တိုင် သိပြီးသားမို့ ရေးပြနေစရာတောင် မလိုလောက်ပါဘူး။ သမ္မတကြီးရဲ့ ပါရမီဖြည့်ဘက် သမ္မတကတော် ဒေါ်စုစုလွင်က သမ္မတကြီး ဘာကြောင့်အနားယူရသလဲဆိုတဲ့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန် ယူလို့မရအောင် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကန့်သတ်မှုကြောင့်သာ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးလာလို့ လက်ခံလိုက်ရပေမယ့် ကြာကြာမလုပ်ချင်ကြောင်း ၃ လလောက် တာဝန်ယူပေးပြီး လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ပြီးရင် တာဝန်ပြန်အပ်ချင်တဲ့သဘော ပြောတာကို ထောက်ရင် အာဏာမမက်မောမှု၊ ရိုးသား သစ္စာရှိမှု၊ သမိုင်းကြောင်းဖြူစင်မှုကို ပြသနေတာဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်ရှိရင်ရှိသလောက်၊ ရရင်ရသလောက် အခွင့်အရေးယူချင်တာ၊ တာဝန်ကို အာဏာထင်တတ်တာ၊ တာဝန်မခံလိုတတ်တာ၊ မျက်နှာလိုက်ဆုံးဖြတ်တာ (ကိုယ့်အသိုင်းအဝိုင်းတွေ မတရားတာလုပ်ရင် မျက်စိမှိတ်နေတတ်တာ) စတဲ့ ပြောလို့မကုန်နိုင်တဲ့ အနှစ် ၅၀ ကျော် စိတ်ပိုင်းရုပ်ပိုင်း ချွတ်ခြုံကျသွားတဲ့ လူ့အဖွဲ့အစည်းထဲမှာ နမူနာကောင်းအဖြစ် ရှေ့ဆောင်လမ်းပြ သီလကောင်းတဲ့ သမ္မတကြီး ဦးထင်ကျော်ကို အများပြည်သူတွေ လေးစားကြည်ညို လွမ်းဆွတ်ကြတာ မလွန်ပါဘူး။ တနည်းအားဖြင့်ပြောရရင် သမ္မတကြီး ဦးထင်ကျော်ဟာ ရွှံ့နွံအိုင်ထဲမှာ အညစ်အထေး မကပ်ငြိဘဲ ပေါက်ရောက်နေတဲ့ ပဒုမ္မာကြာပန်းတွေအနက်က အလှပဆုံး ပွင့်လန်းခဲ့တဲ့ ပဒုမ္မာကြာပွင့်လို့ တင်စားနိုင်ပါတယ်။ ဗုဒ္ဓရှင်တော်မြတ် ကိုယ်တော်တိုင်ကလည်း လူ့လောက လူ့အသိုင်းအဝိုင်းအတွင်းမှာ စစ်မှန်တဲ့ တန်ဖိုးထား လေးစားမှု ခံရစေနိုင်ကြောင်း တရားတွေဖြစ်တဲ့ ပစ္စည်းဥစ္စာ ပေါကြွယ်ဝခြင်း၊ သီလအကျင့်ကောင်းဖြင့် ပြည့်စုံခြင်း၊ ရာထူးဌာနံတရမြင့်မား၍ အခြွေအရံ အသင်းအပင်းများခြင်း၊ ဝေဒ စတဲ့ပညာရပ်များ တတ်ကျွမ်း၍ ဉာဏ်ပညာရှိခြင်း စတဲ့ အရည်အချင်းတွေထဲမှာ သီလအကျင့်ကောင်းဖြင့် ပြည့်စုံခြင်းကသာ အရေးအကြီးဆုံး ပထမတန်းစား အရည်အချင်းဖြစ်တယ်လို့ ဆုံးမလမ်းညွှန် ဟောကြားခဲ့ပါတယ်။ ဆိုလိုတာကတော့ ပစ္စည်းဥစ္စာတွေ ဘယ်လောက်ပေါပါစေ၊ ရာထူးဌာနံတရတွေ ဘယ်လောက်မြင့်မားပါစေ၊ အခြွေအရံတွေ ဘယ်လောက်ရှိရှိ၊ ဉာဏ်ပညာတွေ ဘယ်လောက်ရှိရှိ ပညာတွေ ဘယ်လောက်တတ်တတ်၊ အကျင့်မကောင်းဘူး၊ သီလပျက်ယွင်းနေရင်တော့ လူတွေရဲ့တန်ဖိုးထား လေးစားမှုကို မရရှိနိုင်ဘူးဆိုတဲ့ သဘောပါပဲ။ မလိုသူတချို့ကတော့ သမ္မတကြီး ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ ဆောင်ရွက်နေရတဲ့ ကြိုးဆွဲခံနေရတဲ့ ရုပ်သေးသမ္မတလို့ စွပ်စွဲကြပါတယ်။ တကယ်တော့ မြန်မာနိုင်ငံ တနိုင်ငံလုံး အပါအဝင် ပြည်သူလူထု နိုင်ငံသားအားလုံးဟာ အလိုမတူဘဲ ပြဋ္ဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ချုပ်နှောင် ဘောင်ခပ်ခံနေရ၊ ကြိုးဆွဲခံနေရတယ်လို့ ပြောရင် မမှားနိုင်ပါဘူး။ တိုင်းပြည်အတွက် လိုအပ်တဲ့ အပြောင်းလဲတွေဖြစ်အောင် ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုသလောက် ဘောင်အတွင်းမှာ ကန့်သတ်ခံနေရတာမို့ ရုပ်သေးရုပ်တိုင်းပြည်လို့ တင်စားနိုင်ပါလိမ့်မယ်။ လွှတ်တော်တွေမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ရွေးကောက်ခံ ကိုယ်စားလှယ် မဟုတ်သူတွေနဲ့ တုပ်နှောင်ထားသလိုဖြစ်နေတော့ ပြည်သူအများစု ပြဋ္ဌာန်းစေချင်တဲ့ ဥပဒေတွေကို မြန်မြန်ဆန်ဆန် မပြဋ္ဌာန်းနိုင်ဘဲ အီလေးဆွဲနေတာ ပြည်သူအားလုံး တွေ့နေကြရတာပါပဲ။ နောက်ဆုံး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့မှာလည်း အကန့်အသတ်တွေနဲ့ တချို့ကိစ္စရပ်တွေမှာ လုပ်ပိုင်ခွင့် အပြည့်အဝမရှိဘဲ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ရုပ်သေးရုပ်သဖွယ် ဖြစ်နေရတဲ့ အနေအထားတွေက ငြင်းလို့မရနိုင်ပါဘူး။ ဒါကြောင့် နောင်အနာဂါတ်မြန်မာနိုင်ငံမှာ သီလကောင်းပြီး သမာဓိသိက္ခာရှိတဲ့ သမ္မတကြီးတွေ ဆက်ခံနိုင်ဖို့၊ စိတ်ဓာတ်မှန်ကန်တဲ့ ဉာဏ်ပညာအမြော်အမြင် ဦးစီးနိုင်တဲ့ခေါင်းဆောင်တွေ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခွင့်ရဖို့၊ နိုင်ငံအတွက် မဖြစ်မနေ လိုအပ်နေတဲ့ အပြောင်းအလဲတွေ ဖော်ဆောင်နိုင်ဖို့၊ အဂတိခြစားမှုတွေ ထိထိရောက်ရောက် တိုက်ဖျက်နိုင်ဖို့၊ တရားဥပဒေစိုးမိုးမှု ရှိလာစေဖို့၊ ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို အမြန်ဆုံး တည်ဆောက်နိုင်ဖို့အတွက် ချီတက်နေတဲ့ခရီးမှာ ကန့်လန့်ခံပြီး တတိုင်းတပြည်လုံးကို ဘောင်ခတ်ချုပ်နှောင်ထားတဲ့ ပြည်သူအလိုမတူတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နှောင့်နှေးမနေကြဘဲ အမြန်ဆုံး ပြင်ဆင်သင့်တာပြင်ဆင်၊ ဖျက်သိမ်းသင့်တာ ဖျက်သိမ်းကြဖို့ နိုင်ငံသားတိုင်း ဝိုင်းဝန်းအားထုတ်ရေးဟာ သမိုင်းပေးတာဝန်တရပ်ဖြစ်ပါကြောင်း ထပ်မံတိုက်တွန်း ရေးသားလိုက်ရပါတယ်။ မင်းကောင်းချစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024