Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အနားယူလိုကြောင်းဖော်ပြမှု နားလည်မှုလွဲခြင်းဟု အဖွဲ့ချုပ်ပြော
ပြည့်ဘုန်းအောင်
·
March 25, 2018
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တာဝန်ကနေ အနားယူ လိုကြောင်း သတင်းတွေမှာဖော်ပြမှုတွေဟာ စကားလုံးနားလည်မှုလွဲတာလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဒီဗွီဘီကို သီးသန့် ပြောဆိုခဲ့ပါတယ်။ မတ်လ ၂၄ ရက်နေ့ညပိုင်းက ဒုသမ္မတ ဦးဝင်းမြင့်နေအိမ်မှာ ပြုလုပ်တဲ့ ညစာစားပွဲမှာ ပြောဆိုခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြနေတဲ့အပေါ် အခုလို ပြန်လည်ရှင်းလင်းခဲ့တာပါ။ “ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အဓိပ္ပာယ် စကားအသွားအလာက အခု တာဝန်ပေး ထားတဲ့ တာဝန်ရှိတဲ့သူတွေ ကြိုးကြိုးစားစားနဲ့ တော်ကြမယ်ဆိုရင် စောစော အနားယူနိုင်တာပေါ့ လို့ပဲ ပြောတာ။ ဒါကလည်း သူအမြဲပြောနေကျစကားပဲလေ။ အခုလောလောဆယ် အနားယူမယ်လို့ ပြောတာမဟုတ်ဘူး” လို့ ဒေါက်တာမျိုးညွန့်က ပြန်လည်ဖြေရှင်းခဲ့တာပါ။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အနားယူတဲ့အခါမှာလည်း မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲမှုကို အရှိန်ရပြီး နောက်ကြောင်းပြန်မလှည့်တော့တဲ့အခါမှသာ သူအနားယူချင်တဲ့ အကြောင်းကို ပြောဆိုခဲ့တာပဲ ဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်က ဆက်လက်ပြောပါတယ်။ “လက်ရှိ ရာထူးကနေ ချက်ချင်းအနားယူမယ်။ လူစားထိုးမယ်ဆိုတဲ့ အဓိပ္ပာယ် ရောက် အောင် ဖော်ပြလိုက်တော့ အားလုံး တစ်မျိုးဖြစ်ကုန်ကြတာပေါ့။  ပြီးတော့ ဒီလိုစကားလုံး အသုံးအနှုန်းကို ကျနော်လည်း မပြောခဲ့ပါဘူး။ ပြီးတော့ ဒါဟာ သတင်းထုတ်ပြန်ရမယ့် စကားလုံးလည်း မဟုတ်ပါဘူး”လို့ ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။ မတ်လ ၂၄ ရက်နေ့ ညပိုင်းက ဒုသမ္မတ ဦးဝင်းမြင့်နေအိမ်မှာ ပြုလုပ်တဲ့ ညစာစားပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024