DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသား​များ​ မျက်နှာငယ်စရာ အား​ငယ်စရာမလိုဟု ​ဒေါ်​အောင်ဆန်း​စုကြည်​ပြော
DVB
·
May 30, 2012
မြန်မာနိုင်ငံသား​များ​ မျက်နှာငယ်စရာ အား​ငယ်စရာမလိုဟု ​ဒေါ်​အောင်ဆန်း​စုကြည်​ပြော
1 / 2
Donate to DVB

ဒေါ်​အောင်ဆန်း​စုကြည်က မြန်မာနိုင်ငံသား​တွေကို ထိုင်း​နိုင်ငံမှာ ​လော​လောဆယ် အလုပ်လုပ်​နေရ​ပေမယ့်​ အား​မငယ်ကြဖို့​၊​ စည်း​ကမ်း​ရှိကြဖို့​ အဓိက တိုက်တွန်း​သွား​ပါတယ်။

ထိုင်း​နိုင်ငံကို ​ရောက်​နေတဲ့​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဘန်​ကောက်အနီး​က မဟာချိုင်​ဒေသမှာ မြန်မာပြည်သား​ ​ရွှေ့​ပြောင်း​အလုပ်သမား​တွေနဲ့​ ​တွေ့​ဆုံ​ပြောကြား​ခဲ့​တာပါ။

ဒီ​နေ့​မှာ အလုပ်ဖွင့်​ရက်ဖြစ်​ပေမယ့်​ မြန်မာ​ရွှေ့​ပြောင်း​အလုပ်သမား​ ​ထောင်​ပေါင်း​များ​စွာက လမ်း​တ​လျှောက်လုံး​ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့​ကြပါတယ်။

မြန်မာနိုင်ငံအလံ​တွေ၊​ ထိုင်း​အလံ​တွေ ​ဝှေ့​ရမ်း​ရင်း​ ​ထောက်ခံအား​ပေး​နေတဲ့​ ပရိသတ် ​ထောင်​ပေါင်း​များ​စွာကို အခုလို မိန့်​ခွန်း​ပြောပါတယ်။

“ကျမတို့​ဟာ မျက်နှာငယ်စရာ အား​ငယ်စရာ မလိုဘူး​။ ကျမတို့​ဆိုတာ အမြဲပဲ ​ပြောင်း​လဲ​နေတာပဲ။ တကြိမ်တခါမှာ ကျမတို့​ နိုင်ငံသား​တွေက ဒီမှာလာပြီး​တော့​ လုပ်​နေရတယ်ဆို​ပေမယ့်​ ကျမတို့​နိုင်ငံအ​ခြေအ​နေ ​ပြောင်း​လာတာနဲ့​အမျှ ကျမတို့​ နိုင်ငံသား​တွေရဲ့​ အ​ခြေအ​နေဲ့​ တန်ဖိုး​ကလည်း​ တက်လာမှာပဲဆိုတာ ယုံကြည်ထား​ပါ။”

ထိုင်း​နိုင်ငံမှာ မြန်မာ​တွေကို ဒီ​လောက်များ​များ​ ​တွေ့​ရလို့​ မြန်မာပြည်မှာ ရှိ​နေသလိုပဲ ​အောက်​မေ့​တဲ့​အ​ကြောင်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က မိန့်​ခွန်း​ထဲမှာ ထည့်​ပြောသွား​ပါတယ်။

ဒီခရီး​စဉ်ဟာ နှစ်​ပေါင်း​ ၂၄ နှစ်အတွင်း​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ပထမဆုံး​ ပြည်ပခရီး​စဉ်သလို၊​ ဒီခရီး​စဉ် လုံခြုံ​ရေး​နဲ့​ ပတ်သက်လို့​ စိုး​ရိမ်မှု​တွေလည်း​ ကျယ်ကျယ်ပြန့်​ပြန့်​ ဖြစ်​ပေါ်​နေပါတယ်။

ထိုင်း​နိုင်ငံခြား​ရေး​ဌာနက ​ပြောခွင့်​ရသူ (Thani Thongphakdi) က ဒီခရီး​စဉ်နဲ့​ပတ်သက်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ခရီး​ကို စီစဉ်သူ​တွေဘက်က တိုက်ရိုက်ဆက်သွယ်တာ​တွေ မရှိခဲ့​လို့​ အကြား​နဲ့​ပဲ လိုက်လုပ်​နေရတယ်လို့​ နယူး​ယောက်တိုင်း​မ် သတင်း​ဌာနကို ​ပြောပါတယ်။

မဟာချိုင်ခရီး​စဉ်အတွင်း​ တ​နေရာမှာ ပရိသတ်​တွေက ​ဒေါ်​အောင်ဆန်း​စုကြည် ကား​အနီး​ကို အတင်း​ဖိတိုး​လာတဲ့​အခါမှာ လုံခြုံ​ရေး​တွေ မနိုင်မနင်း​ဖြစ်သွား​တယ်လို့​ ခရီး​စဉ်မှာ လုံခြုံ​ရေး​အတွက် လိုက်သွား​တဲ့​ လူ့​အခွင့်​အ​ရေး​နဲ့​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ကော်မရှင် (HRD) အဖွဲ့​က မဟာချိုင်နယ်​မြေ စီမံကိန်း​ နယ်​မြေတာဝန်ခံ ကိုစိန်​ဌေး​က ​ပြောပါတယ်။

“လုံခြုံ​ရေး​အပိုင်း​က​တော့​ နယ်​မြေရဲ​တွေ ဗဟိုရဲ့​နဲ့​ နယ်​မြေရဲနဲ့​တော့​ ရှိတယ်။ ​နောက်ပြီး​တော့​ ကျ​နော်တို့​ အလုပ်သမား​တွေထဲက​နေပြီး​တော့​ ​စေတနာ့​ဝန်ထမ်း​တွေက လူကာ​ပေး​ဖို့​ဆိုပြီး​တော့​ အ​ယောက် ၇၀-၈၀ ​လောက် ဒါက​တော့​ ကျ​နော်တို့​ စီစဉ်တာ​ပေါ့​နော် အဲဒါ​တွေလုပ်ရတယ်။ လုပ်ပြီး​တော့​ သွား​ကာ​ပေး​တယ်။ ဒါ​ပေမဲ့​ မနိုင်ဘူး​ခင်ဗျ။ တချို့​ဆို ကား​ဘီး​ကြိတ်တဲ့​လူနဲ့​ ဘာနဲ့​ သူစီး​တဲ့​ကား​ BMW က မှန်​တွေဘာ​တွေ ကွဲကုန်တယ်ခင်ဗျ။ ကား​ဘေး​မှာလည်း​ အစင်း​တွေဖြစ်ကုန်တယ်။ လူ​တွေ အဓိကက ပထမတုန်း​က လူ​တွေက သိပ်မတိုး​ဘူး​။ ဒါ​ပေမဲ့​ သတင်း​ထောက်​တွေက ကား​ရှေ့​က ပိတ်ပြီး​တော့​ အကုန်လုံး​ ပြုံပြီး​တော့​ ရိုက်တဲ့​အခါကျ​တော့​ အဲဒီမှာ လူ​တွေလည်း​ မမြင်ရ​တော့​ အတင်း​တိုး​။ အဲဒီမှာ ရှုပ်သွား​တာ​ပေါ့​။ ရဲလည်း​မနိုင်ဘူး​ ကျ​နော်တို့​လည်း​ မနိုင်ဘူး​။ ကျ​နော်ဆို အခု အသံက သိပ်မထွက်​တော့​ဘူး​။ ​အော်​အော်ပြီး​တော့​ ​တောင်း​ပန်​နေရတာ အဲဒါ ​အော်​နေရလွန်း​လို့​ အသံက မထွက်​တော့​ဘူး​။ လူလည်း​ မနည်း​လွတ်​အောင် ပြန်ထွက်လာရတယ် နို့​မို့​ဆိုရင် နင်း​ခံထိ​တော့​မှာ။”

ပရိသတ်​တွေကို မိန့်​ခွန်း​ပြောပြီး​တဲ့​နောက်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ မဟာချိုင် ​ဝေလ (၉) လမ်း​မရှိတဲ့​ (MWRN) ​ရွှေ့​ပြောင်း​ အလုပ်သမား​ကွန်ရက် စာကြည့်​တိုက်မှာ အလုပ်သမား​ကိုယ်စား​လှယ် ၃၀ ​လောက်နဲ့​ ၁ နာရီကြာ ​တွေ့​ဆုံပါတယ်။

အဲဒီ​တွေ့​ဆုံပွဲကို စီစဉ်​ပေး​ခဲ့​တဲ့​ ကိုစိန်​ဌေး​က “အလုပ်ရုံထဲမှာ ဒဏ်ရာရတဲ့​ ကိစ္စ​တွေ၊​ ​နောက် လူကုန်ကူး​ခံရတဲ့​ ကိစ္စ​တွေ ဒါမျိုး​တွေ​ပေါ့​နော် အလုပ်သမား​တွေက ထပြီး​တော့​ ​ပြောပြကြတယ်။ ​ဒေါ်စုကလည်း​ ပြန်ပြီး​တော့​ ​ဖြေ​ပေး​တာ​ပေါ့​နော်။ ​ဒေါ်စုရဲ့​ အ​ဖြေက​တော့​ ဘယ်လိုလဲဆို​တော့​ ဒီ ဥပ​ဒေပိုင်း​ဆိုင်ရာ လုပ်​ဆောင်ချက်​တွေက နည်း​နည်း​တော့​ ကြာတတ်တယ်။ အဲဒါ​တွေကို သူ တွန်း​အား​ပေး​ဖို့​ ကြိုး​စား​မှာ​ပေါ့​နော်၊​ ​နောက် ကျ​နော်တို့​ အလုပ်သမား​တွေ ကိုယ်တိုင်လည်း​ ကိုယ့်​မှာ ဘာအခွင့်​အ​ရေး​ရှိတယ်ဆိုတာ သိရှိနား​လည်​အောင် လုပ်ဖို့​ရယ်၊​ အချင်း​ချင်း​ ဝိုင်း​ဝန်း​ကူညီကြဖို့​၊​ တ​ယောက်ဒုက္ခ​ရောက်ရင် တ​ယောက်က ဝိုင်း​ဝန်း​ကူညီဖို့​၊​ စည်း​လုံး​ညီညွတ်မှု ရှိကြဖို့​၊​ ​နောက် ကိုယ့်​မှာ ဘာတာဝန်ရှိလဲ။ အဲဒီတာဝန်​တွေကို ​ကျေပွန်​အောင် လုပ်​ဆောင်ဖို့​ အစရှိသဖြင့်​ပေါ့​ အဲဒါမျိုး​တွေ ​ပြောသွား​တယ်” လို့​ ဆိုပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဘန်​ကောက်မှာ ကြာသာပ​တေး​နဲ့​ ​သောကြာ​နေ့​တွေမှာ ကျင်း​ပမယ့်​ ကမ္ဘာ့​စီး​ပွား​ရေး​ဖိုရမ်ကို မတက်ခင်မှာ ထိုင်း​နိုင်ငံ​ရောက် မြန်မာ​ရွှေ့​ပြောင်း​အလုပ်သမား​တွေကို အရင်ဆုံး​သွား​ရောက် ​တွေ့​ဆုံတာ ဖြစ်ပါတယ်။

မြန်မာအလုပ်သမား​တွေ သိန်း​နဲ့​ချီ အလုပ်လုပ်​နေတဲ့​ ထိုင်း​နိုင်ငံ​တောင်ပိုင်း​မှာ အလုပ်သမား​တွေအ​ရေး​ ကူညီ​ဆောင်ရွက်​နေတဲ့​ Grossroot HRE အဖွဲ့​က ဦး​ထူး​ချစ်က “​ဒေါ်​အောင်ဆန်း​စုကြည်အ​နေနဲ့​ သူ့​ရဲ့​ ပထမဆုံး​ နိုင်ငံခြား​ခရီး​စဉ်မှာ ထိုင်း​နိုင်ငံကိုလာပြီး​တော့​ မြန်မာ​ရွှေ့​ပြောင်း​အလုပ်သမား​တွေနဲ့​ စ​တွေ့​တာ၊​ အင်မတန်မှလည်း​ ​ကောင်း​တယ်။ ဒါက​တော့​ ထူး​ခြား​မှုလို့​ ကျ​နော့်​အ​နေနဲ့​ မြင်တယ်။ ထိုင်း​နိုင်ငံမှာ ရှိ​နေတဲ့​ မြန်မာ​ရွှေ့​ပြောင်း​အလုပ်သမား​တွေရဲ့​ အခွင့်​အ​ရေး​တွေ အ​ခြေအ​နေ​တွေက တစုံတရာ​ပေါ့​နော်။ ထိုင်း​အစိုး​ရရယ် မြန်မာအစိုး​ရရယ်က တစုံတရာ အသိအမှတ်ပြုပြီး​တော့​ ခါတိုင်း​ထက်စာပြီး​တော့​ အလုပ်သမား​အခွင့်​အ​ရေး​ ကိစ္စ​တွေကို​တော့​ နည်း​နည်း​ပိုပြီး​တော့​ ​ဆောင်ရွက်လာနိုင်မယ်လို့​ ကျ​နော်တို့​ ​မျှော်လင့်​ရတယ်ခင်ဗျ။”

ထိုင်း​နိုင်ငံက အထက်လွှတ်​တော် အမတ်​ဟောင်း​ ခရိုင်ဆတ်ကလည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ထိုင်း​နိုင်ငံခရီး​စဉ်ဟာ ထိုင်း​ပြည်သူ​တွေအတွက်သာမက ​ဒေသတခုလုံး​အတွက် အ​ရေး​ကြီး​တဲ့​ သမိုင်း​ဝင်ခရီး​လို့​ ​ပြောပါတယ်။

“အခုလိုမျိုး​ ​ဒေါ်​အောင်ဆန်း​စုကြည် ထိုင်း​နိုင်ငံကို ပထမဆုံး​ လာ​ရောက်တဲ့​အတွက် ထိုင်း​ ပြည်သူ​တွေ​တော့​ ဝမ်း​သာပီတိဖြစ်​နေကြတယ်။ ဘာ​ကြောင့်​လဲဆိုရင် ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ အာဏာရှင်စနစ်ကို တွန်း​လှန်တဲ့​ သ​င်္ကေတလည်း​ ဖြစ်တယ်။ မြန်မာပြည်တခုတည်း​အတွက် မဟုတ်ပါဘူး​၊​ ​ဒေသတခုလုံး​အတွက်ပါ၊​ သိတဲ့​အတိုင်း​ပဲ ကျ​နော်တို့​ ​ဒေသက နိုင်ငံ​တွေအား​လုံး​မှာ ပြုပြင်​ပြောင်း​လဲမှု​တွေ လုပ်ခဲ့​ကြတယ်ဆို​ပေမယ့်​ နိုင်ငံ​တော်​တော်များ​များ​မှာ အပြည့်​အဝ မလွတ်​မြောက်ကြ​သေး​ပါဘူး​၊​ အကန့်​အသတ်​တွေ ရှိ​နေတုန်း​ပါပဲ။ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ထိုင်း​နိုင်ငံ ခရီး​က​တော့​ နိုင်ငံအား​လုံး​အတွက်၊​ အဲဒီနိုင်ငံ​တွေက ပြည်သူ​တွေ အား​လုံး​အတွက် အလွန်အ​ရေး​ကြီး​တဲ့​ သမိုင်း​ဝင်ပြယုဂ်တခု ဖြစ်ပါတယ်။”

ဒေါ်​အောင်ဆန်း​စုကြည်ဟာ မဟာချိုင်မှာ မြန်မာပြည်သား​ အလုပ်သမား​တွေနဲ့​ ​တွေ့​ဆုံအပြီး​ ​နေ့​လယ်ပိုင်း​မှာ​တော့​ ထိုင်း​ ဝန်ကြီး​ချုပ်​ဟောင်း​ အဘိဆစ်နဲ့​လည်း​ သီး​သန့်​ ​တွေ့​ဆုံခဲ့​ပါတယ်။

ဒါ့​အပြင် ​နောက်​နေ့​တွေမှာ ကမ္ဘာ့​စီး​ပွား​ရေး​ ဖိုရမ်အချိန်အတွင်း​ လက်ရှိ ထိုင်း​ ဝန်ကြီး​ချုပ် ယင်လတ် အပါအဝင် နိုင်ငံ​ခေါင်း​ဆောင်​တွေနဲ့​ ​တွေ့​ဆုံဖွယ် ရှိသလို၊​ ထိုင်း​-မြန်မာနယ်စပ် မဲ​ဆောက်အနီး​က မယ်လ ဒုက္ခသည်စခန်း​ကိုလည်း​ သွား​ရောက်ဖို့​ ရှိတယ်လို့​ သိရပါတယ်။ Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013