ပျဉ်းမနားနှင့် ပခုက္ကူတွင် မီးလောင်၊ နေအိမ် ၆ လုံးနှင့်ကြက်ခြံ ဆုံးရှုံး

  ပျဉ်းမနားမြို့နယ်နဲ့ ပခုက္ကူမြို့နယ်တွေမှာ မတ် ၂၃ ရက်နေ့ တရက်တည်း  မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ်တွေနဲ့ ကြက်ခြံတခြံ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ပျဉ်းမနားမြို့နယ် ကြံဖိုကျေးရွာနေ ဦးလှထွန်း  နေအိမ် (သက္ကယ်မိုး/ထရံကာ) မှာ မတ်လ ၂၃ ရက်နေ့ ညနေ ၃ နာရီက လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ မီးစတင် လောင်ကျွမ်းခဲ့ပြီး ဦးလှထွန်းအိမ်ပါ နေအိမ် ၆ လုံး၊ စပါးတင်း ၁၅၀၊ ဝက် ၅ ကောင် မီးလောင် ဆုံးရှုံးခဲ့ပါတယ်။ အလားတူ မတ် ၂၃ ရက်နေ့ ညနေ ၅ နာရီလောက်ကလည်း ပခုက္ကူမြို့ အမှတ် ၃ ရပ်ကွက် ကွက်သစ်ရပ်နေ ဒေါ်ကြည်ဝင်းရဲ့  ဝါးကပ်မိုး၊ ဝါးကြမ်းခင်း/မိုးကာ ကာရံထားတဲ့ ကြက်ခြံမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ကြက်ပေါက်ကောင်ရေ ၄၀၀ ကောင်အား မီးသွေးမီးဖိုနဲ့ အပူပေးရာမှ အောက်ခံစပါးဖွဲနဲ့ ဝါးကြမ်းခင်းအား မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ကြက်ခြံ ၁ ခြံ၊ ကြက်ပေါက် ၄၀၀ ကောင်မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ ဦးလှထွန်းနဲ့  ဒေါ်ကြည်ဝင်းတို့ကို ပျဉ်းမနားမြို့မရဲစခန်းနဲ့ ပခုက္ကူမြို့မရဲစခန်းတို့က ရာဇသတ်ကြီးပုဒ်မ ၂၈၅ (မီးပေါ့ဆမှု) နဲ့ အသီးသီး အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up