DVB Logo
Home
မြန်မာသတင်း
မြောက်ဦးမြို့တွင် နိုင်ငံတော်ကဆောင်ရွက်ပေးထားသည့်မီး အခုချိန်ထိမရ
DVB
·
May 29, 2012
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ လျှပ်စစ်မီးလင်းရေးအတွက် နိုင်ငံတော်က ဆောင်ရွက်ပေးထားပေ မယ့် မြို့လူထု အခုထိ မီးမရသေးဘဲ ဖြစ်နေပါတယ်။

မြောက်ဦးမြို့ မီးလင်းရေးအတွက် ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကတည်းက နိုင်ငံတော်က ကေဗွီအေ- ၅၀၀  မီးစက်နှစ်လုံးပို့ပေးထားပြီး မီးစက်မောင်းဖို့ ဆီပါ ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီမီးစက်တွေနဲ့ မီးရရင် မီတာခကို တယူနစ် ၃၅ ကျပ်နှုန်းနဲ့ ပေးဆောင်ပြီး၊ မီးသုံးနိုင်ကြမှာ  ဖြစ်ပေမယ့် အခုချိန်ထိ နိုင်ငံတော်မီး မရသေးဘဲ ကုမ္ပဏီ မီးနဲ့ မီးဖိုးပေးဆောင်နေကြရပါတယ်။

မီးမရဖြစ်နေပုံကို မြို့မီးလင်းရေး ကော်မတီဝင်တဦးဖြစ်တဲ့ ဦးရွှေတင်က “အခုက မြောက်ဦးမှာ မီးစက်ကလည်း နိုင်ငံတော်က ၂ လုံးပေးထားပြီးပြီ။ ဒီဇယ်ဆီကိုလည်း နိုင်ငံတော်က အခမဲ့ပေးထားပြီးပြီ။ ဒီလောက် နိုင်ငံတော်က အခမဲ့ ပေးထားလျက်သားနဲ့ အဲဒီကုမ္ပဏီက ဘာဖြစ်လို့ မီးကို ၄၅၀ နှုန်းနဲ့ ၀ယ်သုံးနေရတော့မှာလဲ။ အဲဒါ သိပ်အဓိပ္ပာယ် မရှိတော့ဘူး။ အဲဒီကုမ္ပဏီက ဒီဇယ်ဆီ ၁၂၀၀ ကို သူကယူထားတာ။ တော်ဝင်ထူးလင်းက ရနေတာ။ နိုင်ငံတော်က ပေးတဲ့ အခွင့်အရေးကို ကျနော်တို့ နိုင်ငံသားတွေ မရဘူး။ ကုမ္ပဏီတခုတည်းက ရနေတယ် ဆိုတာ ဘယ်လိုမှ လက်ခံလို့မရဘူး” လို့ ဆိုပါတယ်။

မီးပေးတဲ့ တော်ဝင်ထူးလင်း ကုမ္ပဏီဟာ ၂၀၀၉ ခုနှစ်ကတည်းက မြို့ကို မီးပေးနေတဲ့ ကုမ္ပဏီဖြစ်ပြီး၊ မီတာခ တယူနစ် ၄၅၀ ကျပ်နဲ့ မြို့လူထုက ပေးဆောင် သုံးစွဲနေကြရတာ ဖြစ်ပါတယ်။

အခု နှစ်ဆန်းပိုင်းမှာတော့ ဒီဇယ်ဆီဖိုးတက်လို့ဆိုပြီး ကုမ္ပဏီက တယူနစ် ကျပ် ၅၀၀ ထိ တိုးကောက်ခဲ့ပေမယ့် လျှပ်စစ်မီးမှန်မှန် မရတဲ့အတွက် မြို့လူထု မကျေမချမ်း ဖြစ်နေပုံကို ဦးရွှေတင်က ခုလို ပြောပါတယ်။
“ခဏခဏ မီးပျက်တယ်။ ပြည်သူတွေကပြောလည်း ဂရုမစိုက်ဘူး။ ဂရုမစိုက်တဲ့ အချိန်မှာ နိုင်ငံတော်က ရခိုင်ပြည်နယ်ကို တယူနစ်ကို ၃၅ ကျပ်နဲ့၊ ခံစားခွင့်ပေးမယ် ဆိုပြီး လုပ်လိုက်တဲ့ အချိန်မှာ အဲဒီကုမ္ပဏီက ပိုပြီးတော့ ဖြတ်တယ်။ ၂ ရက်မှာ ၁ ရက်ပဲ မီးပေးတယ်။ အဲဒီလိုပေးတော့ မြို့လူထုက တအားပြောလာတယ်။ ဘယ်လိုမှ လက်မခံနိုင်တော့ဘူး။ ကုမ္ပဏီနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ကြတယ်။”

မြောက်ဦးမြို့ မီးမရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လျှပ်စစ်ဝန်ကြီး လာရောက် ကြည့်ရှုစစ်ဆေးသွားပေမယ့်လည်း အခုထိ အကြောင်းမထူးဘူးလို့ ဦးရွှေတင်က ပြောပါတယ်။

မြောက်ဦးလျှပ်စစ်မီးနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးသာလူရွှေက အခုလိုပြောပါတယ်။
“မြောက်ဦးက ကိုယ်စားပြုထားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ရယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ၃ ယောက်ကို ခေါ်ပြီးတော့ ကျနော် အနေအထားတွေကို မြောက်ဦးကို မီးရရှိရေး ကွင်းဆင်းလေ့လာပြီးတော့ ဘယ်လိုလုပ်ရမလဲ ဆိုတာတွေကို တိုင်ပင်နေတဲ့ အနေအထား ရှိပါတယ်။”

သူ ကွင်းဆင်းလေ့လာခဲ့တုန်းက မြို့လူထုက မီးပေးနေတဲ့ ကုမ္ပဏီကို ကြိုက်သူလည်းရှိသလို မကြိုက်သူလည်း ရှိတယ်ဆိုတာ သိခဲ့ရကြောင်း၊ သူကတော့ နှစ်ဘက်စလုံး ကို ပြေလည်အောင် ဆောင်ရွက်ပေးလိုတယ် လို့ ပြောပါတယ်။

မြောက်ဦးမြို့ခံလူထု တထောင်ကျော်ဟာ မီးပေးတဲ့ကုမ္ပဏီကို မလိုလားတဲ့ အကြောင်း ပြည်နယ် ၀န်ကြီးချုပ်ထံ လက်မှတ်ရေးထိုး တောင်းဆို တင်ပြ ထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013