တောင်ကိုရီးယားတွင် အချိန်ပိုယဉ်ကျေးမှု တားဆီးရန် ဝန်ထမ်းများ၏ကွန်ပျူတာ ပါဝါပိတ်မည်

ဓာတ်ပုံ - ISTOCK
တောင်ကိုရီးယားအစိုးရက ဝန်ထမ်းတွေ အချိန်မီ အလုပ်ကထွက်ခွာဖို့ တွန်းအားပေးမယ့် အစီအစဉ်အသစ်တခုကို စတင်မိတ်ဆက်လိုက်ပြီး အစီအစဉ်အသစ်အရ သောကြာနေ့ ည ၈ နာရီတိုင်းမှာ ဝန်ထမ်းတွေရဲ့ ကွန်ပျူတာအားလုံးကို ပါဝါပိတ်မယ်လို့ သိရပါတယ်။ အချိန်ပိုအလုပ်လုပ်တဲ့ ယဉ်ကျေးမှုကို တားဆီးဖို့ ဒီလိုလုပ်တာလို့ ပြောလိုက်ပြီး တောင်ကိုရီးယားနိုင်ငံက ကမ္ဘာပေါ်မှာ အလုပ်လုပ်ချိန် အများဆုံးနိုင်ငံတခု ဖြစ်နေတာပါ။ တောင်ကိုရီးယား အစိုးရဝန်ထမ်းတွေက တနှစ်မှာ ပျမ်းမျှနာရီပေါင်း ၂၇၃၉ နာရီ အလုပ် လုပ်ကြပြီး တခြားဖွံ့ဖြိုးပြီး နိုင်ငံတွေက ဝန်ထမ်းတွေရဲ့ အလုပ်ချိန်ထက် နာရီ ၁၀၀၀ လောက် များနေတာလို့ ဆိုပါတယ်။ ဆိုးလ်မြို့ မက်ထရိုပိုလီတန် အစိုးရဌာနတွေမှာ ပါဝါပိတ်တဲ့ အစီအစဉ်အသစ်ကို နောက် ၃ လကျော် အချိန်ကာလအတွင်း အဆင့် ၃ ဆင့်နဲ့ စတင်လုပ်ဆောင်မယ်လို့ သိရပါတယ်။ ပထမအဆင့်အနေနဲ့ အစီအစဉ်ကို မတ်လ ၃၀ ရက်နေ့ စတင်မှာဖြစ်ပြီး ကွန်ပျူတာအားလုံး ည ၈ နာရီမှာ ပိတ်ရမယ်၊ ဒုတိယအဆင့်ကို ဧပြီလမှာ စတင်မှာဖြစ်ပြီး အဲဒီလရဲ့ ဒုတိယနဲ့ စတုတ္ထအပတ် သောကြာနေ့တွေမှာ ဝန်ထမ်းတွေအားလုံးအနေနဲ့ သူတို့ရဲ့ ကွန်ပျူတာတွေကို ည ၇ နာရီခွဲလောက်မှာ ပိတ်ရမယ်လို့ ဆိုပါတယ်။ မေလအတွင်းမှာတော့ ဒီအစီအစဉ်ကို အပြည့်အဝ လုပ်ဆောင်မှာဖြစ်ပြီး ဝန်ထမ်းတွေအနေနဲ့ သောကြာနေ့တိုင်း ကွန်ပျူတာတွေကို ည ၇ နာရီလောက် ပိတ်သိမ်းရမှာပါ။ ဆိုးလ်မြို့ မက်ထရိုပိုလီတန်အစိုးရ (အက်စ်အမ်ဂျီ) ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဝန်ထမ်းအားလုံး ဒီလို သောကြာနေ့ ည ၇ နာရီတိုင်း ကွန်ပျူတာတွေ ပိတ်သိမ်းရမယ် ဆိုပေမယ့် အထူးအခြေအနေမျိုးမှာတော့ ခြွင်းချက်ရှိမယ်လို့ ပြောထားပါတယ်။ ဒါပေမယ့်လည်း အစိုးရဝန်ထမ်းအားလုံး ပါဝင်ပုံမရဘူးလို့ သိရပြီး အက်စ်အမ်ဂျီရဲ့ ထုတ်ပြန်ချက်အရ အစိုးရဝန်ထမ်း ၆၇ ဒသမ ၁ ရာခိုင်နှုန်းက အတင်းအကျပ် ပါဝါပိတ်တာကို ခြွင်းချက်ထားပေးဖို့ တောင်းဆိုကြတယ်လို့ ဆိုပါတယ်။ ဒီလအစောပိုင်းမှာ တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးကနေ တပတ် အများဆုံးအလုပ်ချိန် ၆၈ နာရီကို ၅၂ နာရီအထိ လျော့ချဖို့ ဥပဒေတခု ပြဋ္ဌာန်းခဲ့တယ်လို့ ဘီဘီစီသတင်းမှာ မတ်လ ၂၃ ရက်နေ့က ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up