
ပြုပြင်ပြောင်းလဲရေးကိစ္စအတွက် အမေရိကန်သံရုံးက နှစ်စဉ်ပေးအပ်နေတဲ့ Women of Change ရဲ့ ၂၀၁၈ ခုနှစ်အတွက် ဆုကို ကရင်အမျိုးသမီးအစည်းအရုံးအပါအဝင် ဒေါက်တာသက်သက်မူနှင့် ဒေါ်အေးသဉ္ဇာမောင်တို့ကို ချီးမြှင့်ပေးအပ်လိုက်ပါတယ်။
မနေ့က အမေရိကန်သံအမတ်နေ အိမ်မှာပြုလုပ်တဲ့ ဆုပေးပွဲအခမ်းအနားကို သက်ဆိုင်ရာ အမျိုးသမီးအဖွဲ့တွေ တက်ရောက်လက်ခံခဲ့ပါတယ်။
ဆုပေးအပ်ရတာနဲ့ပတ်သက်ပြီး သံအမတ်ကြီး မာစီရယ်လ်က “ပြည်သူလူထုရဲ့ လူနေမှုဘဝတွေ ပိုမိုတိုးတက်ကောင်းမွန်ဖို့နဲ့ လူ့အခွင့်အရေး ပိုမိုတိုးတက်စေဖို့အတွက် ဆောင်ရွက်နေကြတဲ့ မြန်မာနိုင်ငံအတွင်းက ပြည်သူတွေကို အားပေးကူညီဖို့အတွက် အမေရိကန်ပြည်ထောင်စု သန္နိဋ္ဌာန်ချထားပါတယ်။ ဒီ Women of Change Award ဆု ပေးအပ်တယ်ဆိုတာ မြန်မာနိုင်ငံက အမျိုးသမီးတော်တော်များများ ဆောင်ရွက်နေကြတာတွေထဲကမှ ထူးထူးခြားခြား ဆောင်ရွက်တာတွေကို အသိအမှတ်ပြုတဲ့ နည်းလမ်းတခုဖြစ်ပါတယ်” လို့ ဆုပေးပွဲမှာ ပြောဆိုခဲ့ကြောင်း သံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။
ဆုရရှိခဲ့တဲ့အပေါ် ကရင်အမျိုးသမီးအစည်းအရုံး (KWO) ရဲ့ ဗဟိုအမြဲတမ်း ကော်မတီဝင် နော်ဝါးခူရှီးက “ကျမတို့ရဲ့ လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုတဲ့အတွက် ဝမ်းသာတယ်။ သံရုံးက သံအမှတ်တွေနဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်တယ်။ ဒီဆုဟာ ကျမတို့အတွက် အားအင်တခုဖြစ်တယ်။ ရှေ့ဆက် အလုပ်လုပ်ဖို့အတွက် အင်အားဖြစ်သလို ဂုဏ်ယူစရာလည်း ဖြစ်ပါတယ်။ ကျမတို့ရဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေ၊ အမျိုးသမီးတန်းတူအခွင့်အရေးရရှိဖို့နဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ တန်းတူအခွင့်အရေးရရှိဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့ လုပ်ဆောင်မှုတွေအတွက် အင်အားဖြစ်ပါတယ်” လို့ ပြောပါတယ်။
ကရင်အမျိုးသမီးအစည်းအရုံးဟာ ကျား မ တန်းတူညီမျှရေး၊ ဒေသခံတိုင်းရင်းသားတို့ရဲ့ အခွင့်အရေးတွေ ကာကွယ်ရေးနှင့် မြှင့်တင်ရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် အားပေးဆောင်ရွက်နေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပူးပေါင်းပါဝင်နိုင်ရေးတို့အတွက် ဦးဆောင်လှုပ်ရှားနေတဲ့ လူထုအခြေပြု တိုင်းရင်းသူများ အဖွဲ့တခု ဖြစ်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက်နှင့် ကရင်ပြည်နယ်အတွင်းရှိ လူ့အသိုင်းအဝန်းအတွက် အကူအညီတွေကို တိုက်ရိုက်ပေးအပ်နေပြီး မြန်မာနိုင်ငံတဝန်းရှိ အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် ဖိနှိပ်နေမှုများ ရပ်တန့်ရေးအတွက် ကြိုးပမ်းမှုတွေမျာလည်း ပူးပေါင်း ဆောင်ရွက်နေတဲ့အဖွဲ့ ဖြစ်ကြောင်းလည်း အမေရိကန်သံရုံးက ဂုဏ်ပြုမိတ်ဆက်ထားပါတယ်။
Photo credit to -- KWO










