မန္တလေးကျုံးဘေး အနုပညာတင်ဆက်သူများကို သက်ဆိုင်ရာက တရားစွဲပြီ
ရွှေအောင်
·
May 29, 2012

မန္တလေး ကျုံးဘေးမှာ လျှပ်စစ်မီးရရှိရေး ပါဖောင်မန့် အနုပညာပြပွဲ တင်ဆက်ခဲ့သူ ၅ ဦးကို မေ ၂၉ ရက်မှာ အမှတ် ၂ ရဲစခန်းက အမှုဖွင့် တရားစွဲဆိုလိုက်ပါတယ်။
၁၉၆၄ ခုနှစ်၊ ပြပွဲပြသရာမှာ စိစစ်ရေးတင်ပြတဲ့ အက်ဥပဒေပုဒ်မ ၁၁ ကို ကျုးလွန်တယ်ဆိုပြီး ပါဖောင်မန့် အနုပညာ တင်ဆက်ခဲ့ကြတဲ့ မြန်မာအနုပညာရှင် ၅ ဦးကို တရားစွဲလိုက်တာပါ။
[caption id="attachment_26039" align="alignleft" width="300" caption="လျှပ်စစ်မီးရရှိရေး ပါဖောင်မန့် အနုပညာပြပွဲ (မေ ၂၄ ရက်နေ့)"]
[/caption]
တရားစွဲခံရတဲ့ သူတွေကတော့ ဆူးမြင့်သိန်း၊ မောင်နီဦး၊ မိုးစက်၊ အောင်မြတ်ဌေး နဲ့ လွင်ထူးမောင်တို့ဖြစ်ပြီး သူတို့နဲ့အတူ တင်ဆက်ပြသခဲ့ကြတဲ့ နိုင်ငံခြားသား ၅ ဦးကိုတော့ ဒီ့အရင်ကတည်း က ပြည်နှင်ဒဏ် ပေးလိုက်တယ်လို့ တရားစွဲခံထားရတဲ့ ကိုဆူးမြင့်သိန်း က ပြောပါတယ်။
မန္တလေးကျုံးဘေးမှာ အနုပညာပြကွက် တင်ဆက်ပြသ ခဲ့တဲ့ မေ ၂၄ ရက်က သူတို့ကို သက်ဆိုင်ရာက ခေါ်ယူ စစ်ဆေးပြီး၊ နောင် မလုပ်ဖို့ ခံဝန်ချက် လက်မှတ် ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့ပါ တယ်။ အဲ့ဒီနောက် မေ ၂၉ ရက်မှာမှ အထက်အမိန့်အရ ဆိုပြီး ရဲစခန်းက အမှုဖွင့် တရားစွဲလိုက်တာပါ။
အခုလို တရားစွဲဆိုခံရတဲ့အပေါ် ကိုဆူးမြင့်သိန်းက “သူတို့ ဥပဒေအတိုင်း အလုပ်လုပ်တယ်လို့ နားလည်ပါတယ်။ ကျနော်တို့လည်း ကျနော်တို့ အနုပညာရပ်ကို လွတ်လွတ်လပ်လပ် နဲ့ ဖော်ပြတယ် ဆိုတာကို သူတို့ရဲ့ ဥပဒေနဲ့ ငြိစွန်းနေတဲ့ လုပ်ရပ်မျိုး မဟုတ်ဘူး ဆိုတာ ကျနော်တို့ ပြောပြဖို့ ကြိုးစား ထားပါတယ်။”
အခုလက်ရှိ သူတို့ကို အာမခံနဲ့ ပြန်လွှတ်ပေးထားပါတယ်။ စွဲထားတဲ့ ပုဒ်မ ၁၁ အရ ပြစ်မှုထင်ရှားရင် ဒဏ်ငွေ ကျပ် ၃ ထောင်ကနေ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရဖို့ရှိပါတယ်။
