မိတ္ထီလာတွင် မီးလောင်၊ မီးသတ်တပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရ
DVB
·
March 21, 2018
မိတ္ထီလာမြို့မှာ မနေ့ညနေ ၄ နာရီလောက်က TV Safe guard အပူလွန်ကဲရာမှ နေအိမ် ၅ လုံး မီးလောင်ပြီး မီးသတ်တပ်ဖွဲ့ဒုတပ်ကြပ်တဦး ဒဏ်ရာရရှိခဲ့ပါတယ်။
မိတ္ထီလာမြို့ မြို့မရပ်ကွက် ပန်းတိမ်တန်းရပ် အငြိမ်းစား အလယ်တန်းပြဆရာ ဦးမြင့်ဆွေရဲ့ ၃ ထပ်တိုက် အပေါ်ဆုံးထပ်မှ TV Safe guard အပူလွန်ကဲ၍ အဝတ်အစားတွေကို မီးကူးစက်ပြီး မီးလောင်ခဲ့ရာ အနီးရှိ အိမ် ၄လုံးပါ မီးကူးလောင်တာကြောင့် မီးငြိမ်းသတ်တဲ့ မီးသတ်တပ်ဖွဲ့ဝင်တဦး ဒဏ်ရာရခဲ့တယ်လို့ ခရိုင်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးကျော်ဆန်းက ပြောပါတယ်။
“ဦးမြင့်ဆွေအိမ်နဲ့ ဦးလှမြင့်သိန်းပိုင်တဲ့ အိုကေစွပ်ပြုတ်ဆိုင်၊ ကိုလှိုင်မင်းသန်းနဲ့ ဦးရှင်တို့ ပိုင်တဲ့ မိုးကာစဆိုင် ၂ ဆိုင်၊ ဒေါ်ခင်မိုး ပိုင်တဲ့ထီလာအေး ကဖေးဆိုင်တို့ မီးလောင်ပါတယ်။ မီးသတ်တပ်ဖွဲ့က ဒုတပ်ကြပ်ကျော်စွာဝင်း မီးငြိမ်းသတ်ရင်း ညာဘက်လက်ကောက်ဝတ် မှန်ကွဲထိပြီး ဒဏ်ရာရလို့ မိတ္ထီလာဆေးရုံ တင်ထားပါတယ်။ မီးသတ်ဆေးဗူး ၃လုံး၊ မီးသတ်တပ်ဖွဲ့ အရံသန္ဓေ ၇၄ ဦး မီးသတ်ကား ၁၇စီးနဲ့ ရေဂါလံ ၃သောင်းလောက်သုံး လိုက်ရတယ်။ တပ်မ ၉၉ က တပ်မမှူးဗိုလ်မှူးချုပ်သန်းဦး ဦးစီးပြီး ၇၂ ဦးနဲ့ မီးသတ်ယာဉ် ၃ စီး လာရောက်ကူညီတယ်။ ရဲတပ်ဖွဲ့ဝင် ၃၈ ဦးတို့လည်း ကူပြီးမီးငြိမ်းသတ်ကြတယ်။ ဆုံးရှုံးတန်ဖိုး ၂သိန်းလောက်ရှိမယ် ခန့်မှန်းတယ်။”
မိတ္ထီလာမြို့မရဲစခန်း ဒုရဲအုပ်အောင်သူဟိန်းက “မီးသတ်က ဒုတပ်တပ်ကြပ်တော့ ဒဏ်ရာရတယ်။ လူနဲ့ တိရစ္ဆာန် သေဆုံးမှု မရှိပါဘူး။ အဲဒီနေရာကို ရဲလုံခြုံရေး ချထားပါတယ်”လို့ ပြောပါတယ်။
ဦးမြင့်ဆွေအား မီးပေါ့ဆလို့ မီးလောင်မှု ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် (ပ)၁၄၉/၂၀၁၈ နဲ့ မိတ္ထီလာ မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)