DVB Logo
Home
မြန်မာသတင်း
အိန္ဒိယက မြန်မာကို ဒေါ်လာသန်း ၅၀၀ ချေးငွေပေးမည်
DVB
·
May 28, 2012
အိန္ဒိယက မြန်မာကို ဒေါ်လာသန်း ၅၀၀ ချေးငွေပေးမည်
1 / 4
Donate to DVB

မြန်မာနိုင်ငံမှာ ၃ ရက်ကြာ အလည်အပတ်ရောက်ရှိနေတဲ့ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းဟာ ဒီနေ့ သမ္မတဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး အိန္ဒိယက မြန်မာနိုင်ငံ ကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ငွေချေးဖို့ အပါအ၀င် သဘောတူ စာချုပ်တွေ လက်မှတ်ထိုးနိုင်ခဲ့တယ် လို့ သမ္မတရုံးက ထုတ်ပြန်တဲ့ နှစ်နိုင်ငံ ပူးတွဲကြေ ညာချက်မှာ ဖော်ပြ ထားပါတယ်။

[caption id="attachment_26015" align="alignleft" width="300" caption="အိန္ဒိယဝန်ကြီး​ချုပ်နှင့်​ သမ္မတ ဦးသိန်းစိန် နေပြည်တော်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ- ရိုက်တာ)"][/caption]

သဘောတူညီချက်တွေထဲမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဖိုရမ် တည်ဆောက်ရေး၊ နယ်စပ်မှာ ဈေးတွေ ဖွင့်လှစ်ရေး အပါအ၀င် နှစ်နိုင်ငံ နယ်စပ် ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ ယဉ်ကျးမှုဖလှယ်ရေး၊ သတင်းနဲ့ နည်းပညာဌာန တည်ထောင်ရေး၊  ဒဂုံတက္ကသိုလ်နဲ့  ကာလကတ္တား တက္ကသိုလ်အကြား ပူးပေါင်း ဆောင်ရွက်ရေး၊  လေကြောင်း ၀န်ဆောင်မှုဆိုင်ရာ စတဲ့ ကိစ္စရပ်တွေ အတော်များများမှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပါတယ်။

ဒါ့ပြင် အကြမ်းဖက် သမားတွေနဲ့ သောင်းကျန်းသူတွေကို နှစ်နိုင်ငံ နယ်နိမိတ် အတွင်း နေခွင့်ပေးမှာ မဟုတ်ဘဲ ပူးပေါင်းတိုက်ဖျက်သွားဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေက ဆန္ဒရှိတယ်လို့ လည်း ပူးတွဲကြေညာချက် မှာဖော်ပြပါတယ်။

အိန္ဒိယ ၀န်ကြီးချုပ်ဟာ မနက်ဖြန် ရန်ကုန်မြို့ကို သွားရောက်မှာဖြစ်ပြီး  မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။

အခု ခရီးစဉ်ဟာ အိန္ဒိယနိုင်ငံ အကြီးအကဲတယောက်ရဲ့ နှစ်ပေါင်း ၂၅ နှစ် အတွင်း ပထမဆုံး သမိုင်းဝင် မြန်မာပြည် ခရီးဖြစ်သလို၊ မြန်မာ့ဒီမိုကရေစီ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ပထမဆုံးတွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

အာရှရဲ့ အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ လွန်ခဲ့တဲ့ နှစ်တွေအတွင်း မြန်မာ့ဒီမိုကရေစီအရေးမှာ ဘာသိဘာသာ နေလွန်းတယ်လို့ ဝေဖန်ခံနေရတာပါ။

အိန္ဒိယမှာ နှစ်ပေါင်း ၂၀ ကျော် ဒီမိုကရေစီအရေးလှုပ်ရှားနေတဲ့ ၁၉၉၀ ရွေးကောက်ခံ အမတ် ဒေါက်တာတင့်ဆွေက မန်မိုဟန်ဆင်းရဲ့ ခရီးအပေါ် အကောင်းမြင်ပေမယ့် အများကြီး မမျှော်လင့်ထားစေချင်ဘူးလို့ ပြောပါတယ်။

“အခုဝန်ကြီးချုပ် ခရီးစဉ်က ထူးခြားပါတယ်။ မျှော်လင့်ချက် ကောင်းကောင်းလည်း ထားနိုင်တဲ့အနေအထားရှိတယ်။ သို့သော်လည်း ဒီမတိုင်ခင် ထိတော့ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က မလွတ်ခင်ထိတော့ အိန္ဒိယက စစ်အစိုးရတဘက်တည်းကိုပဲ ဦးစားပေးဆက်ဆံ လာခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီး နောက်မှာတော့ သိသာတဲ့ အပြောင်းအလဲတွေ တွေ့လာရတယ်။ အခုနောက်ဆုံး ၀န်ကြီးချုပ်ခရီးစဉ် ဖြစ်လာရတယ်။ ဒီခရီးစဉ်မှာလည်း နားလည်မှု စာချွန်တွေကော၊ တွေ့ဆုံ ဆွေးနွေးမှုတွေကနေ အပြုသဘောမျိုးကို ဦးတည်ကောင်း ဦးတည်လာနိုင်တယ်။ သို့သော် အများကြီးတော့ မမျှော်လင့်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ သမိုင်းကြောင်းကြည့်ရင် အိန္ဒိယက ပေါ်လစီတခုချဖို့နဲ့ အကောင်အထည်ဖော်ဖို့က အင်မတန်မှ အချိန်ယူပြီးတော့ စဉ်းစားမှုတွေ များလွန်းတဲ့ နိုင်ငံဖြစ်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013