အိန္ဒိယရေပိုင်နက်ထဲ ပင်လယ်မျှော့ ဝင်မဖမ်းရန် ငါးလုပ်ငန်းအဖွဲ့ချုပ် သတိပေး
ရွှေအောင်
·
May 28, 2012

မြန်မာရေလုပ်သားတွေ အိန္ဒိယနိုင်ငံ ရေပိုင်နက်ထဲ ဝင်ရောက်ပြီး ပင်လယ်မျှော့ ဖမ်းဆီးတာ မလုပ်ကြဖို့ မြန်မာနိုင်ငံ၊ ငါးလုပ်ငန်းအဖွဲ့ချုပ်က ဒုတိယအကြိမ် သတိပေးနှိုးဆော်လိုက်ပါတယ်။
အခုအခါ အိန္ဒိယနိုင်ငံက ပင်လယ်မျှော့ကို ရှားပါးရေသတ္တဝါ စာရင်းထဲ ထည့်လိုက်ပါတယ်။ ဒါကြောင့် အိန္ဒိယ ရေပိုင်နက်ထဲဝင်ပြီး ပင်လယ်မျှော့ဖမ်းရင် ပင်လယ်ရေပိုင်နက်ခိုးဝင်မှုအပြင် တောရိုင်း တိရစ္ဆာန်ကာကွယ်ရေးဥပဒေနဲ့ပါ အမှု ၂ ခုနဲ့ အပြစ်ဒဏ်ပေးခံရမှာလို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။
“အိန္ဒိယ ရေပိုင်နက်ထဲကို သွားပြီးတော့ မတော်လို့ပဲ ရောက်ရောက်၊ ရည်ရွယ်ချက်နဲ့ပဲ ရောက်ရောက်၊ အပြစ်ဒဏ်က အရင်လိုမပေါ့တော့ဘူး။ ထိုက်တန်တဲ့ အပြစ်ဒဏ်ခံစားရမယ်။ အဲဒါကြောင့် မသွားဖို့ကို ပထမအကြိမ် သတိပေးပြီးပြီ။ အခု ဒုတိယအကြိမ် ၁၇ ကြိမ်မြောက် အိန္ဒိယ မြန်မာနယ်စပ် နယ်စပ်အာဏာပိုင် အစည်းအဝေးမှာ အိန္ဒိယဘက်က ကိုယ်စားလှယ်တွေက မြန်မာရေလုပ်သားတွေ သွားရှာတယ်ဆိုတဲ့ ရေပင်လယ်မျှော့ကို အိန္ဒိယနိုင်ငံရဲ့ တောရိုင်းတိရစ္ဆာန် ဥပဒေအရ ရှားပါးတိရစ္ဆာန် စာရင်းကိုထည့်ပြီးတော့ ပြင်းထန်တဲ့အပြစ်ဒဏ်၊ မျှော့ရှာလို့ မျှော့နဲ့ တွေ့ရင် ပြင်းထန်စွာ အရေးယူမယ်လို့ ထပ်ပြီးကန့်သတ်လိုက်တဲ့ အခါကျတော့ သူ့ပိုင်နက်ကို ကျူးလွန်ပြီးဝင်တယ်လို့ သတ်မှတ်တဲ့ ပြစ်ဒဏ်ကတခု၊ နောက်တခါ မျှော့တွေကို လက်ဝယ်တွေ့ရှိတယ်ဆိုရင် ရှားပါးတောရိုင်း တိရိစ္ဆာန် ကာကွယ်တဲ့ သတ်မှတ်ထားတဲ့ အပြစ်ဒဏ်နဲ့ ပြစ်ဒဏ် ၂ ရပ်ပေါင်းဆိုရင် တော်တော်မြင့်မားတဲ့ ပြစ်ဒဏ်တွေ ဖြစ်တဲ့အခါကျတော့ ကိုယ့်ရဲ့ ရေလုပ်သားတွေကို အသိပေးတာပေါ့။”
ပင်လယ်မျှော့ကို မြန်မာရေလုပ်သားတွေကပဲ ငုပ်ယူ ဖမ်းဆီးလေ့ရှိပြီး မျှော့နှစ်ကောင်ကို အလေးချိန် ၁ ပိဿာလောက်ရှိကာ ၁ ပိဿာကို ကျပ် ၁ သိန်းကျော် ဈေးကွက် ပေါက်ဈေးရှိပါတယ်။ ဈေးကွက်အနေနဲ့ ဟောင်ကောင်၊ တရုတ်နဲ့ ဂျပန်နိုင်ငံတွေကို အခြောက်ခံ တင်ပို့ကြတာပါ။
၂၀၁၁ ခုနှစ် မတ်လအတွင်း ပင်လယ်ထဲ မျောပါခဲ့ကြတဲ့ ဖျာပုံရေလုပ်သား တချို့ဟာ အိန္ဒိယအကျဉ်းထောင်ထဲ ရောက်ခဲ့ကြပြီး၊ သူတို့ရဲ့ ပြန်လည် ပြောပြချက်အရ အိန္ဒိယ အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျနေကြတဲ့ မြန်မာရေလုပ်သား ထောင်နဲ့ချီ ရှိတယ်လို့ သိရပါတယ်။
မြန်မာရေလုပ်သားတွေဟာ အိန္ဒိယပိုင် အက်ဒမန်ကျွန်းနဲ့ အနီးနားက လူသူမနေတဲ့ ကျွန်းတွေရှိရာသွားရောက်ပြီး ပင်လယ်မျှော့နဲ့ ခရုတွေ ရေငုပ်ဖမ်းဆီးကြတာ ဖြစ်ပါတယ်။
