Home
မြန်မာသတင်း
၁၅၀၁ CC ကနေ ၂၀၀၀ CC ထိ အိမ်စီးကားများ အခွန် ၁၀ ရာခိုင်နှုန်းလျှော့ချ
နေဖြိုးဝင်း
·
March 20, 2018
အင်ဂျင်ပါဝါ ၁၅၀၁ CC ကနေ ၂၀၀၀ CC ထိ အိမ်သုံးကား အမျိုးအစားတွေအတွက် အခွန် ၁၀ ရာခိုင်နှုန်း လျှော့ချဖို့ ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။ မတ်လ ၂၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၁၈ ခုနှစ် အခွန်အကောက် ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီက ထပ်မံလေ့လာ တွေ့ရှိချက်နဲ့ သဘောထားမှတ်ချက် အစီရင်ခံစာ တင်သွင်းခဲ့ပြီး ဒီဥပဒေကြမ်းကို တပိုဒ်ချင်းစီ အတည်ပြုတာမှာ အခုလို ဆုံးဖြတ်လိုက်တာပါ။ “Double Cab 4 Door Pickup မှအပ ၁၅၀၁ CC ကနေ ၂၀၀၀ CC ထိ ဗင်ကားတွေ၊ ဆလွန်း၊ ဆီဒင်၊ ဝက်ဂွန် (Estate Wagon)ကားတွေ၊ ကူးပေး(Coupe) ကားတွေဟာ ပြည်သူအများ ဝယ်ယူစီးနင်းနိုင်တဲ့ အိမ်သုံးကားအမျိုးအစားတွေ ဖြစ်တဲ့အတွက် အထူးကုန်စည်ခွန် ၂၀ ရာခိုင်နှုန်း ကျသင့်စေရမယ့်အစား ၁၀ ရာခိုင်နှုန်းလို့ ပြင်ဆင်သတ်မှတ်သင့်ကြောင်း လေ့လာတွေ့ရှိရပါတယ်”လို့ အစီရင်ခံစာတင်သွင်းတာမှာ ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဥပဒေကြမ်းကို တပိုဒ်ချင်းစီ အတည်ပြုတာမှာ ကန့်ကွက်မယ့်သူ မရှိတဲ့အတွက် ၁၀ ရာခိုင်နှုန်းလျော့ချဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တာပါ။ အခုလို Double Cab 4 Door Pickup မှအပ ၁၅၀၁ CC ကနေ ၂၀၀၀ CC ထိ အိမ်စီးကားတွေကို အခွန် ၂၀ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း လျှော့ချလိုက်ပေမယ့် Double Cab 4 Door Pickup မှအပ ၂၀၀၁ CC ကနေ ၄၀၀၀ CC ထိ ဗင်ကားတွေ၊ ဆလွန်း၊ ဆီဒင်၊ ၀က်ဂွန် (Estate Wagon) ကားတွေ၊ ကူးပေး(Coupe) ကားတွေကတော့ မူလအတိုင်း ၃၀ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။ ဒါ့အပြင် Double Cab 4 Door Pickup မှအပ ၄၀၀၁ CC နဲ့အထက် ဗင်ကားတွေ၊ ဆလွန်း၊ ဆီဒင်၊ ဝက်ဂွန် (Estate Wagon)ကားတွေ၊ ကူးပေး(Coupe) ကားတွေကိုလည်း မူလအတိုင်း ၅၀ ရာခိုင်နှုန်း ပေးဆောင်ဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024