Home
မြန်မာသတင်း
ဟောပြောမှုတခုကို ပုဒ်မ ၃ ခုတပ် စွဲဆိုခြင်းဟာ ဥပဒေနှင့်မညီဟု ဒေါက်တာအေးမောင်၏ ရှေ့နေ ပြော
DVB
·
March 20, 2018
စာပေဟောပြောမှုတခုတည်းကို ပုဒ်မ ၃ ခုတပ်ပြီး တရားစွဲဆိုထားတာဟာ ဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ ဖမ်းဆီးတရားစွဲခံနေရတဲ့ ဒေါက်တာအေးမောင်တို့အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။ မတ်လ ၁၉ ရက်က စစ်တွေခရိုင်တရားရုံးနဲ့ မြို့နယ်တရားရုံးတို့မှာ  ၆ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးရာမှာ အကျိုးဆောင်ရှေ့နေတွေကအခုလို ပြောဆိုလိုက်တာပါ။ ဒေါက်တာအေးမောင်ရဲ့ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က “အဓိက ဒီအမှုမှာ ပြဿနာက တည်ဆဲ ၁၉၇၃ ဥပဒေမှာ ရှိတယ်။ ဒီဥပဒေပုဒ်မ၂၂မှာ ပြုလုပ်မှု တခုတည်းအတွက်ပေါ့။ ဥပဒေတရပ်နဲ့ တရားစွဲရမယ်လို့ ပြောတယ်။ ဒါပေမယ့် ဒေါက်တာအေးမောင်နဲ့ ဦးဝေဟင်အောင်တို့ ရသေ့တောင်မှာ ဟောပြောမှုတခုပဲ လုပ်တယ်။ ဒီဟောပြောမှု တခုတည်းကို သူတို့က အမှုသုံးမှုနဲ့စွဲထားတယ်။ ဒီလိုစွဲတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေပုဒ်မ ၄၅၃တို့ ၄၄၆ တို့ နဲ့လည်း ဆန့်ကျင်နေတယ်ပေါ့”လို့ ပြောပါတယ်။ ဒေါက်တာတာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ ရုန်းထုတ်လာတဲ့အချိန်မှာ လုံခြုံရေးတာဝန်ယူထားတဲ့ အရပ်ဝတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆွဲခေါ်သွားတဲ့အပေါ် ဝိုင်းရံတဲ့ ထောက်ခံသူတချို့နဲ့ ရုန်းရင်းဆန်းခတ် ဖြစ်ပွားခဲ့ပါတယ်။ ရသေ့တောင်မြို့မှာ ဟောပြောချက်နဲ့ မြောက်ဦးဖြစ်စဉ်နဲ့ လုံးဝမသက်ဆိုင်သလို ပုဒ်မ ၂ ခုနဲ့ စွဲတာဟာလွဲမှားလို့ ဒေါက်တာအေးမောင်က ပြောပါတယ်။ “ကျနော်တို့ မြောက်ဦးပဋိက္ခနဲ့ လုံးဝမပတ်သက်ဘူး။ အတူဖြစ်သလိုလို ၁၈ ရက်နေ့ ဇန်နဝါရီလ မှာ ထုတ်ပြန်ချက်ဟာ အတူဖြစ်တဲ့မျိုးနဲ့ ပုဒ်မသုံးခုနဲ့စွဲတာဟာ လွဲမှားနေတယ်ဆိုတာ တင်ပြချင်တယ်။ နိုင်ငံတော်ဘက်ကလည်း လူကြီးတွေလည်း သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်။ ကျနော်တို့က ရသေ့တောင်မှာ ဖြစ်တာ၊ မိုင်ပေါင်း ရာကျော်ဝေးတဲ့နေရာမှာ ဖိတ်ကြားထားလို့ ကျနော်တို့ သွားဟောတာ။ အဲ့လိုမျိုးလုပ်နေတာလည်း လေး ငါးနှစ် လောက်ရှိပြီ”လို့ပြောပါတယ်။ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်ရဲ့ ရသေ့တောင်မှာ ဟောပြောမှုနဲ့ ပတ်သက်လို့ ဟောပြောချက် တခုတည်းကို အမှုသုံးခုနဲ့ တရားစွဲဆိုတဲ့ စစ်တွေခရိုင် ဒု-အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးကို အပြန်အလှန် စစ်မေးခဲ့ပါတယ်။ စာရေးဆရာဝေဟင်အောင်ရဲ့ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က “တရားလိုဖက်ကတော့ ဟောပြောချက်တခုတည်းကို ပုဒ်မသုံးခုနဲ့ ခွဲစွဲထားတာကတော့ ဝန်ခံတယ်။ အဲ့ဒါကို ဥပဒေနဲ့ ဆန့်ကျင်နေတယ်ဆိုတာ သိလားလို့ မေးတဲ့အခါမှာ မသိဘူးလို့ငြင်းတယ်လို့ ဖြေဆိုတယ်”လို့ ပြောပါတယ်။ အကြောင်းအရာတခုကို ပုဒ်မသုံးခုနဲ့ခွဲ စွဲထားတာဟာ ဥပဒေနဲ့ ဆန့်ကျင်နေတဲ့အကြောင်း ကို ရုံးတော်မှာတင်ပြသွားမယ်လို့ စာရေးဆရာ ဝေဟင်အောင်ရဲ့ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေဒေါ်အေးနုစိန်က ဆိုပါတယ်။ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ်မှာ ပြုလုပ်တဲ့ စာပေဟောပြောပွဲနဲ့ပတ်သက်လို့ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ)၊ မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့နဲ့ ဖမ်းဆီးပြီး အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ- ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024