အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ညွှန်ကြားထားတာ မရှိဘူး
နန်းမြနဒီ
·
May 28, 2012
အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အောက်ခြေတပ်တွေကို ညွှန်ကြားထားတာ မရှိဘူးလို့ မြန်မာအစိုးရတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော်က ပြောကြားလိုက်ပါတယ်။
[caption id="attachment_25971" align="alignleft" width="300" caption="ကေအိုင်အေ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်"]
[/caption]
ခုရက်ပိုင်းအတွင်း အစိုးရမီဒီယာတွေကနေ ကေအိုင်အေက လျှပ်စစ်မီးပေးတဲ့ တာဝါတိုင်တွေကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီးလိုက်တာကြောင့် မြန်မာနိုင်ငံတွင်း လျှပ်စစ်ဓာတ်အားတွေ ပြတ်လပ်ကုန်တာလို့ စွပ်စွဲရေးသားနေမှုတွေအပေါ် ကေအိုင်အေက တုံ့ပြန်ပြောကြားလိုက်တာပါ။
ဒီတုံ့ပြန်ပြောကြားချက်နဲ့ ပတ်သက်ပြီး ကေအိုင်အေ ဒု - စစ်ဦးစီးချုပ် ဗိုလ် ချုပ်ဂွမ်မော်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာ့အလင်း သတင်းစာထဲမှာ ကေအိုင်အေကနေ ရွှေလီ-မန်စံ မဟာဓာတ်အားပေး လိုင်းတခုကို ၁၈ - ၁၉ ရက်မှာလုပ်တယ်တဲ့။ နောက်တခုက နမ့်ခမ်း-မူဆယ် ဓာတ်အားပေးလိုင်းတခုကိုတော့ ၂၅ ရက်နေ့မနက်မှာ ကေအိုင်အေက ဖျက်ဆီးသွားတယ်တဲ့။ ဒီ ၂ ခုနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်တို့ဘက်က ဘာများ ပြောလိုပါသလဲ။
“ပျက်စီးသွားတာတော့ မှန်တယ်။ ဒါပေမယ့် ကျနော်တို့ ကေအိုင်အေ တပ်တွေဖြစ်မယ်ဆိုတာတော့ သိပ်မသေချာဘူး။ ကျနော်တို့ ကိုယ်တိုင်ကလည်း ညွှန်ကြားထားတာ မရှိသေးဘူး။ ရှေ့တန်းတပ်တွေကို အခြေအနေအရ လိုအပ်ရင် လိုအပ်သလို ပြည်သူလူထုရဲ့ အဆောက်အဦတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေကို မထိခိုက်ဖို့ ညွှန်ကြားထားတာလောက်ပဲရှိတယ်။ အဲဒီတော့ ကျနော်တို့တပ်တွေ လုပ်တာဟုတ်မဟုတ်ဆိုတာလည်း ကျနော်တို့တွေ ပြန်ကြည့်ရမယ်။ ဒါပေမယ့် အဲဒီဘက်မှာတော့ တခြားတပ်တွေလည်း အများကြီးရှိတယ်ဆိုတော့ အခုမှ ဒီကိစ္စတွေ စိစစ်နေတုန်းပါ။”
သတင်းစာက ဒီလိုစွပ်စွဲထားတဲ့အပေါ်မှာ ဘာများပြန်ပြောလိုပါသလဲ။
“အစိုးရသတင်းစာတွေကတော့ အမြဲတမ်း ဒီလိုပဲ စွပ်စွဲနေတာဆိုတော့ သတင်းတိုင်းကို ပြန်ချေပတာမျိုး မလုပ်တော့ဘူး။”
ကေအိုင်အေတပ်မဟာ ၄ ကနေ မူဆယ်-လားရှိုး သွားတဲ့လမ်းမှာ ကားတွေ မသွားရဘူးလို့ အမိန့်ထုတ်ထားတယ်။ အဲဒါဟုတ်ပါသလား။
“အဲဒါက ကျနော်တို့ ဗဟိုကော်မတီကနေ အမိန့်ထုတ်ထားတာတော့ မရှိဘူး။ ရှေ့တန်းမှာ သူတို့ကနေ လုံခြုံရေးအခြေအနေအရ သတိပေးတားမြစ်တာ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ ပြန်စိစစ်ကြည့်ဦးမယ်။”
အခုကော တိုက်ပွဲတွေ ဖြစ်နေသေးသလား။
“တိုက်ပွဲတွေကတော့ နေ့တိုင်းဖြစ်ပါတယ်။ ဒီမနက်ကလည်းဖြစ်တယ်။ မနက်ကတော့ တပ်မဟာ ၅ ဒေသ၊ တပ်ရင်း ၃ ဒေသဘက်မှာ ဒီမနက်တိုက်ပွဲတွေ ၂ ကြိမ်လောက်ဖြစ်တယ်။ ဒီမနက်ဖြစ်တဲ့ တိုက်ပွဲတွေက ၂ ကြိမ်လုံး ပြင်းထန်ပါတယ်။”
ထိခိုက်ဒဏ်ရာရတာတွေကော သတင်းရလား။
“ဒီမနက်ကတော့ သတင်းဘာမှမရသေးဘူး။”
နေ့တိုင်းဖြစ်တယ်ဆိုတော့ တရက်ကို ပျမ်းမျှ ဘယ်နှကြိမ်လောက် ဖြစ်နေလဲ။
“တရက်မှာ ၅ ကြိမ်လောက် ပျှမ်းမျှ တိုက်ပွဲတွေရှိပါတယ်။ ဗဟိုဌာနချုပ် ဒေသ၊ တပ်မဟာ ၄၊ တပ်မဟာ၃၊ တပ်ရင်း ၃၊ ဒီဒေသတွေမှာ များပါတယ်။”
အစိုးရတပ်ဘက်က စစ်အင်အားဖြည့်တာတွေ ရှိပါသလား။
“အင်အားကတော့ သူတို့ဆီမှာ တပ်တွေများတယ်ဆိုတော့ ရှေ့တန်းတပ်တွေမှာ အင်အားအပြောင်းအလဲ လုပ်တာတွေ၊ အပြောင်းအရွှေ့ လုပ်တာတွေကတော့ တောက်လျှောက်ရှိပါတယ်။”
ကေအိုင်အို ထိန်းချုပ်နယ်မြေထဲမှာ အစိုးရတပ်တွေ ဘယ်နှရင်းလောက် ရောက်နေပြီလဲ။
“အားလုံးတပ်ရင်းနာမည်နဲ့ဆိုရင်တော့ တပ်ရင်းပေါင်း ၁၀၀ ကျော်၊ ၁၂၀ ဝန်းကျင်လောက်ရှိပါတယ်။”
တပ်ရင်းပေါင်း ၁၂၀ ဝန်းကျင် နဲ့ ကေအိုင်အိုနဲ့ အင်အားမျှသလား။
“မမျှပါဘူး။ ကေအိုင်အိုက ပြောက်ကျား နည်းစနစ်တွေနဲ့ ခုခံကာကွယ်နေပါတယ်။”
အခုအစိုးရတပ်က လိုင်ဇာဌာနချုပ်နဲ့ ဘယ်လောက်အကွာမှာ ရောက်နေပြီလဲ။
“လိုင်ဇာနဲ့ကတော့ မော်တာလက်တကမ်းမှာ ၄ ကီလိုမီတာလောက်မှာ တောက်လျှောက်ရှိတယ်။ လက်နက်ကြီးတွေ အသုံးများတယ်။ ၁၂၀၊ ၁၀၅ တော်တော်များများ သုံးပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်ကလည်း ၁၀၅ လက်နက်ကြီးတွေ အကြိမ်ပေါင်း ၄၀ လောက်၊ လိုင်ဇာဘက်ကို ပစ်နေတာ၊ အဲဒီတော့ လက်နက်ကြီးတွေ တော်တော်များများ သုံးပါတယ်။”
ဒီလိုလက်နက်ကြီး သုံးတဲ့အတွက် ဒေသခံတွေ ထပ်ပြီးထွက်ပြေးရတာ ရှိသလား။
“အနည်းအကျဉ်းရှိပါတယ်။ အဲဒီတိုက်ပွဲဒေသမှာတော့ ထွက်ပြေးစရာ ဒေသခံကလည်း သိပ်မကျန်တော့ဘူး။ ကျန်တာနည်းနည်းပါးပါးလည်း အကုန်လုံးလိုလို ရှောင်တိမ်းကုန်ပါပြီ။”
လိုင်ဇာဒေသက ဒုက္ခသည်စခန်းမှာ အခုကျောင်းတွေပြန်ဖွင့်ပြီလား။
“အခုဖွင့်ဖို့ပြင်ဆင်နေပါပြီ။ ဒီလကုန်လောက်ကို၊ အခုတော့ ကျောင်းသားတွေ လက်ခံနေပါပြီ။”
ကျောင်းသားတွေ လက်ခံတယ်ဆိုတော့ လိုအပ်တဲ့ အခက်အခဲတွေရှိပါသလား။
“တော်တော်များများရှိတယ်။ ဒါကြောင့် ကျနော်တို့ ကေအိုင်အိုကနေ တာဝန်ယူဖွင့်တဲ့ ကျောင်းတွေမှာတော့ ဒီနှစ်စာသင်နှစ်အတွက် ကျောင်းလခ လွတ်ငြိမ်းခွင့် အကုန်လုံးကိုပေးဖို့ ဆုံးဖြတ်ထားတယ်။ ကျန်တဲ့အပိုင်းကတော့ တတ်နိုင်သလောက် ကူညီသွားမယ်ဆိုပြီးတော့ ဆုံးဖြတ်ထားတယ်။”
ကျောင်းသားပေါင်း ဘယ်လောက်လောက် ရှိပါသလဲ။
“ကျောင်းသားကတော့ များတယ်။ လိုင်ဇာမှာကိုက အရင်ကတည်းက ရှိပြီးသား ကျောင်းသားက ၁ သောင်းနီးပါးရှိတယ်။ နောက်အခုတော့ ဒုက္ခသည်စခန်းနဲ့ဆို တော်တော်များတယ်။ ၃ ဆလောက် ပိုများလာတယ်။ မူလတန်းကနေ အထက်တန်းထိပေါ့။”
အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အခြေအနေကော ဘယ်အဆင့် ရောက်သွားပြီလဲ။
“ကျနော်တို့က လွန်ခဲ့တဲ့လက ဝန်ကြီးဦးအောင်မင်းနဲ့ အလွတ်သဘော တွေ့ဆုံမှုတွေ လုပ်ထားတယ်။ အဲဒီတော့ နောက်တခါ တွေ့ဆုံဆွေးနွေးမှုကို ညှိနှိုင်းနေတုန်းပဲ။”
ဗိုလ်ချုပ်တို့ နောက်ဆုံးတွေ့တဲ့အကြိမ်မှာ ဘာတွေကို အဓိကထား ဆွေးနွေးကြပါသလဲ။
“ထိုင်း-မြန်မာ နယ်စပ်မှာတွေ့တာတော့ အလွတ်သဘောတွေ့တယ်။ ဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့တယ်။ ဆက်ပြီး ဆွေးနွေးပွဲတွေကို ဘယ်လိုပုံစံနဲ့လုပ်ရင် အဆင်ပြေနိုင်မလဲဆိုတာကို အကြမ်းဖျင်း ဆွေးနွေးပြီးတော့ နောက်တကြိမ် ဆွေးနွေးဖို့ ပဏာမ သဘောတူညီချက်တွေ ကျနော်တို့ လုပ်ခဲ့တာပါ။”
နောက်တခါ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် ပြီးခဲ့တဲ့ အကြိမ်တွေက ဆွေးနွေးတာထက်ကို ဘယ်လိုတွေများ ထူးခြားမှု ရှိနိုင်မလဲ။
“လောလောဆယ်တော့ ဆွေးနွေးမှုပုံစံတွေ ကျနော်တို့ မသိရသေးဘူး။ ကျနော်တို့ကနေ တောင်းဆိုထားတာတော့ အရင် ဦးအောင်သောင်းတို့နဲ့ ဆွေးနွေးထားတဲ့ လုပ်ငန်းအပေါ်မှာ ဘယ်လိုဆက်ပြီးမှ ဖော်ဆောင်မလဲ၊ မဟုတ်ရင် အခု အသစ်ဖွဲ့စည်းထားတဲ့ အဖွဲ့အနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ဆွေးနွေးမလဲဆိုတာ ဒီတကြိမ် ပြန်တွေ့တဲ့အခါကျမှ အစီအစဉ်တွေချဖို့ ဖြစ်ပါတယ်။”
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဟောင်းနဲ့ ကိုယ်စားလှယ် အသစ်နဲ့ ပြောင်းလဲဆွေးနွေးတဲ့အပေါ်မှာ ဗိုလ်ချုပ်တို့ဘက်က ဘယ်လိုမျိုး တိုးတက်မှု ရရှိမယ်လို့ မျှော်လင့်ပါသလဲ။
“ကျနော်တို့ကတော့ ဘယ်သူနဲ့ပဲဖြစ်ဖြစ် တိုးတက်မှုရရှိဖို့ မျှော်လင့်တယ်။ လူပြောင်းတယ်ဆိုတာထက် အဓိကတော့ မူဖြစ်တယ်။ အဲဒီတော့ မူအရ သေချာဆွေးနွေးကြမယ်ဆိုရင် တာဝန်ရှိတဲ့ ဘယ်သူပဲဖြစ်ဖြစ် ကျနော်တို့ကတော့ လေးလေးနက်နက် ကြိုဆိုပြီးတော့ ဆွေးနွေးဖို့ အဆင်သင့်ရှိတယ်ဆိုတာ တင်ပြထားပြီးဖြစ်တယ်။ ကျနော်တို့ ကေအိုင်အို အနေနဲ့ကတော့ ဘယ်လိုပုံစံ ဆွေးနွေးမလဲ၊ နိုင်ငံရေးအရ ဘယ်လိုပုံစံ သွားမလဲဆိုတာကို အကြမ်းဖျင်း ဆွေးနွေးပြီးတဲ့နောက်မှ ဒီသဘောတူညီချက်တွေကို လုပ်မယ်လို့ တင်ပြထားတယ်။ အဲဒီအပေါ်မှာ အချိန်ကြာနေတာဖြစ်ပါတယ်။”
ဗိုလ်ချုပ်အနေနဲ့ ဘာတွေများ ဖြည့်စွက်ပြောဖို့ ရှိပါသလဲ။
“ကျနော်တို့ ကေအိုင်အိုဘက်ကနေ ခုချိန်ထိ အစိုးရနဲ့ ကေအိုင်အိုနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြမယ်ဆိုတဲ့ သဘောထားရှိပါတယ်။ ဒီသဘောထားကို ကျနော်တို့ကလည်း အဓိက တိုက်ပွဲတွေပြင်းထန်လာမယ်။ ပြည်သူလူထု ကြားထဲမှာလည်း မကျေနပ်ချက်တွေ သိပ်များလာမယ်ဆိုရင် ကျနော်တို့က ဒီသဘောထားအပေါ်မှာ ပြန်သုံးသပ်တဲ့ အဆင့်မျိုးကို ပြန်ရောက်လာမှာ မလိုလားပါဘူး။ ဒါကြောင့်မို့ အလွတ်သဘောတွေ့ဆုံမှုတွေကို ဆက်လုပ်ပြီးတော့ ထပ်မံဆွေးနွေးဖို့ ကြိုးပမ်းနေပါတယ်။”
