ရဲဘော်လှတင်အောင်
DVB
·
March 20, 2018
တိန်အန်မင် အရေးအခင်းကြီး ဖြစ်နေစဉ်က တရုတ်ပြည်သူများနှင့် ကျောင်းသားထု၏ ဒီမိုကရေစီ တောင်းဆိုမှုအပေါ် ရင်တမမနှင့် ကျနော်တို့လည်း စောင့်၍ နားထောင်နေသည်။ ထိုစဉ်က တရုတ်ပြည်တွင် တိန်ရှောင်ပင် ရှိနေသေး၏။ ထိုအရေးအခင်းကြီးကို သူကိုယ်တိုင်ပင် ကိုင်တွယ်ခဲ့သည်။ နောက်ဆုံး တိန်အန်မင် အရေးအခင်းကြီးကို တရုတ်အာဏာပိုင်များနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဖိဖိစီးစီးပင် ကိုင်တွယ်ခဲ့ပါသည်။ မကြာခင်က ကွယ်လွန်သွားသော တရုတ်စာရေးဆရာ လျူရှောင်ဘိုမှာ ထို တိန်အန်မင် အရေးအခင်းအရှိန်ကြောင့်ပင် နိုဘယ်လ်ဆုရခဲ့သူ ဖြစ်သလို ဒီမိုကရေစီ သူရဲကောင်းလည်း ဖြစ်ခဲ့လေသည်။ ထိုအရေးအခင်းကြီးက မွေးထုတ်ပေးလိုက်သော ဒီမိုကရေစီသူရဲကောင်းဖြစ်ပြီး သူ ကွယ်လွန်သွားချိန်တွင် ကမ္ဘာပေါ်ရှိ ဒီမိုကရက်များက သူ့ကို သူရဲကောင်းအဖြစ် ဂုဏ်ပြုကြသည်။ တရုတ်အာဏာပိုင်များမှာ ဒီမိုကရေစီ ဆန့်ကျင်သူများ ဖြစ်နေလေသည်။ မြန်မာနိုင်ငံမှ ၈၈ အရေးတော်ပုံကြီးနှင့် တိန်အန်မင် အရေးအခင်းကို ဆက်စပ်ရာတွင် မြန်မာနိုင်ငံမှ ဒီမိုကရက်များက တိန်အန်မင် အရေးအခင်း ဖြစ်ပေါ်မှုကို ထောက်ခံကြသလို အသတ်ခံလိုက်ရသူများကိုလည်း ဂုဏ်ပြုကြလေသည်။
ထို တိန်အန်မင် ဒီမိုကရေစီ အရေးအခင်းကြီးနှင့်ပတ်သက်၍ ကိုလှတင်အောင်က အပြည့်အဝ ထောက်ခံသူဖြစ်သလို သူက “တနေ့ ကမ္ဘာပေါ်မှာ တိန်အန်မင်လို ဒီမိုကရေစီ တောင်းဆိုတဲ့ တိုက်ပွဲတွေ ဖြစ်လာမှာပဲ။ တရုတ်နိုင်ငံဟာလည်း တနေ့ ပြည်သူတွေရဲ့ ဒီမိုကရေစီ တောင်းဆို တိုက်ပွဲဝင်မှုတွေကြောင့် ဒီမိုကရေစီနိုင်ငံ ဖြစ်သွားမှာပဲ။ အဲဒါကိုတော့ ငါ ယုံကြည်တယ်ကွာ” ဟု သူက အလေးအနက် ပြောဆိုလေသည်။ ထိုအချိန်က ကမ္ဘာ့ဒီမိုကရေစီ တောင်းဆိုမှုများမှာ ခြိမ့်ခြိမ့်သဲ ညံနေပါသည်။ စစ်အေးတိုက်ပွဲတွင် ဆိုရှယ်လစ်အင်အားစုများ ရှုံးနိမ့်သွားသည်နှင့်အညီ ဒီမိုကရေစီ တိုက်ပွဲဝင်သူများက အရှေ့ဥရောပတခွင်တွင် အင်နှင့်အားနှင့် ချီတက်နေသည်။ နောက်ဆုံး ဆိုဗီယက်ယူနီယံပြိုကွဲကာ အရှေ့ဥရောပတခွင်လုံး ဒီမိုကရေစီနိုင်ငံများ ဖြစ်ကုန်လေသည်။
ဆိုဗီယက်ယူနီယံတွင် ဆိုရှယ်လစ်စနစ် ပြောင်းလဲသွားခြင်းနှင့်ပတ်သက်ပြီး ဆရာဒဂုန်တာရာကို မေးရာ ဆရာက သူ့အမြင်ကို ပြောပြရာတွင် “ကျနော်က ဆိုရှယ်လစ်ဝါဒ ကျဆုံးသွားတယ်လို့ မမြင်ဘူး။ နောက်နှစ်လှမ်းဆုတ်ပြီး အားယူလိုက်တယ်လို့ မြင်တယ်” ဟု ပြောပြလေသည်။ မည်သို့ပင်ဖြစ်စေ ၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး၏ အရှိန်အဟုန်မှာ တရုတ်ပြည်ကို ရိုက်ခတ်သွားသလို တခြားနိုင်ငံများဆီလည်း ကူးစက်သွားလေသည်။ ရိုမေးနီးယားလို နိုင်ငံမျိုးတွင် အာဏာရှင် ရှောင်ချက်စကူးက ကျားကုတ်ကျားခဲ ကာကွယ်ခဲ့သေးသည်။ သို့သော် ပြည်သူ့ဘက်တွင် ရပ်သော တပ်များက တိုက်ခိုက်ကာ လူမြင်ကွင်း၌ပင် သတ်ပစ်ခဲ့သည်။
ရုရှားတွင် ယဲ့ဆင်လိုပုဂ္ဂိုလ်မျိုးက သူရဲကောင်းဖြစ်သွား၏။ ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ ဖြစ်သွားသည်အထိ ရုရှားပြည်သူများအပေါ် သြဇာညောင်းလေသည်။ ပြည်သူများက ဒီမိုကရေစီကို ငမ်းငမ်းတက် လိုချင်နေသော အချိန်နှင့် ချိန်သားကိုက် ဖြစ်သွားပုံရပါသည်။
ကိုလှတင်အောင်ကို ကိုညိုထွန်းဟုလည်း ခေါ်၏။ ကျနော်နှင့် ကိုလှတင်အောင်မှာ ၁၉၆၉ ခုနှစ် နိုင်ငံရေးသမားများ ကိုကိုးကျွန်းပို့စဉ်က သိကျွမ်းရင်းနှီးခဲ့သူ ဖြစ်သည်။ သူနှင့် နိုင်ငံရေးလုပ်ပြီး သိကျွမ်းခဲ့ခြင်း မဟုတ်သလို အင်းစိန်ထောင် ၃ ဆောင်တွင် နေစဉ်ကလည်း မသိကျွမ်းကြပေ။ ကျနော်တို့ ရေချိုးထွက်စဉ် ၁ နာရီလောက် အချိန်ရသည့်အခါတွင် မသိသူများကို အပေါ်မှကြည့်ကာ သိသူများက နာမည်ပြောပြမှ သိကြခြင်း ဖြစ်သည်။ အင်းစိန်ထောင်တွင် ရိုက်နှက်ပြီး အားလုံးကို တိုက်ထဲပို့သောအခါတွင်လည်း သူနှင့် တတိုက်တည်း၊ တဆောင်တည်း မနေခဲ့ရပေ။ ကျွန်းရောက်မှ သိကျွမ်းကြခြင်း ဖြစ်၏။ သူက ကျောင်းသားသမဂ္ဂရဲဘော် ဖြစ်သည်။ နောက် ဘိုကလေးသားလည်း ဖြစ်ပါသည်။ ကျွန်းအပို့ခံရသော ဘိုကလေးသား ၃ ယောက် ရှိ၏။ အားလုံး ကျောင်းသားသမဂ္ဂ ရဲဘော်ချည်း ဖြစ်ပါသည်။ တယောက်က ကိုလှကြည်။ သူသည် တကသ ခေါင်းဆောင်တယောက် ဖြစ်သည်။ နောက်တယောက်က ကိုသိန်းဆွေ။ သူလည်း တကသကပင် ဖြစ်သည်။ ကိုသိန်းဆွေနှင့်မူ ကျွန်းမပို့ခင် ၆ ဆောင်၌ ကိုအောင်မေသုတို့၊ ကိုချိုကြီးတို့နှင့်အတူ ရင်းနှီးခဲ့ရလေသည်။ ကိုကိုးကျွန်းတွင် ရှင်သန်ရေးအတွက် ကိုယ်ထူကိုယ်ထ လုပ်ငန်းများလုပ်ရာတွင် ကိုလှတင်အောင်နှင့် ကျနော်မှာ အလုပ်ဆိုင်း အတူကျချင်ကျ၏။ သို့သော် နိုင်ငံရေးအရ ဆွေးနွေးပွဲများတွင် အတူဆုံတွေ့လေ့မရှိ။ အစာငတ်ခံ တိုက်ပွဲများတွင်လည်း တသုတ်တည်း၊ တခန်းတည်း အတူတိုက်ရသည်ဟူ၍ မရှိပါ။ သို့သော် သူသည် အလုပ်ကြမ်းမှန်သမျှ အားလုံးကိုလုပ်၏။ အပင်ပန်းခံ၏။ အစာငတ်ခံတိုက်ပွဲများတွင် ပါဝင် တိုက်ပွဲဝင်ခဲ့သည်။ အေးဆေးနေတတ်သူလည်း ဖြစ်ပါသည်။
နောက် ၁၉၇၁ ကျွန်းမှ ပြန်ခေါ်လာပြီးနောက် ၁၉၇၂ ထောင်များမှ စလွှတ်သည့် အချိန်တွင် သူလည်း လွတ်လာ၊ ကျနော်တို့လည်း လွတ်လာကြ၏။ ထိုအချိန်ထိ ကျနော်တို့ ရင်းရင်းနှီးနှီး မရှိခဲ့ကြသေးပေ။ နောက် ၁၉၇၆ တွင် နောက်တကြိမ် ကျနော်အဖမ်းခံရသည်။ ထောက်လှမ်းရေး ၆ တွင် တနေ့တာ ခေါ်ယူမေးမြန်းပြီး နောက်တနေ့ ပြန်လွှတ်၏။ ၁၉၇၈ တွင် နောက်တကြိမ် ပြန်အဖမ်းခံရပါသည်။ ထောင်ထဲတွင် ၂ နှစ်ကြာပြီး ၁၉၈၀ တွင် ပြန်လွတ်လာပါသည်။ ၁၉၈၂ ခုနှစ် အလွန်ကြီးမားသော လူဖမ်းပွဲကြီးတွင် ကျနော် အဖမ်းခံရသလို သူလည်း အဖမ်းခံရလေသည်။ ကျနော်က ထိုလူဖမ်းပွဲကြီးတွင် လှုပ်ရှားမှုများရှိ၊ ပတ်သက်မှုများလည်း ရှိ၊ ယူဂျီကိစ္စများလည်း ပေါ်သွားသောကြောင့် ရုံးတင်တရားစွဲကာ ထောင် ၅ နှစ်ကျသွား၏။ သူက လှုပ်ရှားသူများနှင့် ရင်းနှီးခဲ့သောကြောင့် သူ့ကို တရားမစွဲဘဲ ပြန်လွှတ်ပေးလိုက်လေသည်။ ကိုလှတင်အောင်ကို ကိုလှရွှေ (အောင်သာ ပီသုံးလုံး) တို့လို သူ့ရဲဘော်များ၊ ကိုသိန်းဆွေ၊ ကိုလှကြည်တို့လို ရဲဘော်များက ညိုထွန်းဟု ခေါ်ကြသည်။ တရင်းတနှီး ညိုကြီးဟုလည်း ခေါ်ကြ၏။ ညိုထွန်းမှာ သူ၏ နာမည်ပြောင်လား၊ ငယ်နာမည်လား မသိပေ။ ကျနော်တို့ကမူ ကိုလှတင်အောင်ပဲ သိ၍ ကိုလှတင်အောင်ဟုသာ ခေါ်ခဲ့သည်။ ၁၉၈၇ ခုနှစ် ထောင်ထဲ အတူတကွ နေရသည့်အခါမှသာ မင်းနှင့် ငါနှင့် တရင်းတနှီး ဖြစ်သွားပါတော့သည်။ သူက ကျနော့်ထက် အသက်အနည်းငယ် ငယ်သော်လည်း မင်းနှင့် ငါနှင့် တရင်းတနှီး ခေါ်ခဲ့ကြပါသည်။ ထိုအချိန်က ကျနော်တို့ တိုက်များထဲတွင်သာ နေရသလို တိုက်ခန်းတခန်းထဲ ၅ ယောက်၊ ၆ ယောက် စုပြုံနေခဲ့ရသဖြင့် ပို၍လည်း ရင်းနှီးလေသည်။
၁၉၈၈၊ ရှစ်လေးလုံး အရေးတော်ပုံကြီးသည် မြန်မာ့နိုင်ငံရေးကို အလှည့်အပြောင်း ဖြစ်စေခဲ့သလို ကျနော်တို့၊ ကိုလှတင်အောင်တို့ ဆက်ဆံရေးမှာလည်း လုံးဝ အလှည့်အပြောင်း ဖြစ်သွားလေသည်။ ၁၉၈၂ ခုနှစ်က ၅(ည) ဖြင့် ၅ နှစ်ကျခဲ့ရသော ကျနော်သည် ၁၉၈၆ ခုနှစ်ကုန်ပိုင်းတွင် လွတ်လာ၏။ လွတ်လာပြီး တလလောက်ပင် မကြာပါ။ ယခင် ဗကပပေါ်လစ်ဗြူရို(ကျဆုံး) တဦး၏ သမီးဖြစ်သူသည် ကျနော့်ထံ ရောက်လာ၏။ အမြဲလိုလို အိမ်လာလေ့ရှိပြီး သူ့လူ ငါ့ဘက်သားအဖြစ် သတင်းလာယူပါသည်။ သူ့ကို သတင်းပေးမှန်း မသိသေးပေ။ သမီး မင်္ဂလာဆောင်သောအခါ ရဲဘော်များကို ဖိတ်၏။ ကိုလှတင်အောင်တို့၊ ကိုမြစိန်တို့၊ ကိုမောင်မောင်ထူးတို့လည်း ပါသည်။ ရက်ပိုင်းအတွင်းမှာပင် ထိုမင်္ဂလာဆောင်လာသူ အားလုံး အဖမ်းခံရလေသည်။ ကျနော်နှင့်အတူ အဖမ်းခံရခြင်း ဖြစ်၏။ ထိုမိန်းမက မင်္ဂလာဆောင် အကြောင်းပြကာ ယူဂျီလုပ်သည်ဟု စစ်ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ခင်ညွန့်ကို သတင်းပေးခဲ့သည်။ စစ်ထောက်လှမ်းရေး၏ ထင်ရာစိုင်းသော လုပ်ရပ်ကြောင့် ကျနော်တို့ ထောင် ၂ နှစ်ကျခဲ့လေသည်။ ထိုကာလများက ယူဂျီလှုပ်ရှားမှုများ၏ အစအနမှာ ထိုသတင်းပေးမိန်းမ (နောင် စီးပွားရေး လုပ်ငန်းရှင်ကြီးတဦး ဖြစ်သွားတော့သည်) က ရလေသလား။ သို့မဟုတ် ထောက်လှမ်းရေးက ၄၈၂၈ လို ယူဂျီလှုပ်ရှားမှုကို သတင်းအစအနရပြီး စုံစမ်းခိုင်းလေသလားတော့ မသိပေ။ ကျနော်တို့အားလုံးမှာ မတရားသတင်းပေးခံရပြီး မှတ်တမ်းရှိသူ၊ ထောင်အကြိမ်ကြိမ်ကျခဲ့ဖူးသူ အားလုံးကို ယူဂျီခေါင်းဆောင်များအဖြစ် စစ်ထောက်လှမ်းရေးက လွဲမှားတွက်ချက်ကာ ဖမ်းဆီးလိုက်ပုံရပါသည်။ အမှန်မှာ ထိုဖမ်းခံရသူ ကျနော်တို့အားလုံးမှာ မည်သူနှင့် မည်သို့မျှ ပတ်သက်ခဲ့ကြခြင်း မရှိပေ။ အကောင်းမြင်ဝါဒကို ယုံကြည်လက်ခံပြီး ပေါ်လီယာနာလို အရာရာကို အကောင်းချည်း မြင်တတ်လျှင် ထိုသို့ အဖမ်းခံခဲ့ရသည့်အတွက် ကျနော် လေးစားချစ်ခင်သော ရဲဘော် လှတင်အောင်နှင့် အတူတူနေခဲ့ရ၊ သူ့ငယ်စိတ်ဓာတ်ကို လေးစားချစ်ခင်ခဲ့ရ၊ ရဲဘော်များအပေါ် အနစ်နာခံသော သူ၏စိတ်ဓာတ်ကို တွေ့ကြုံခဲ့ရသောကြောင့် ၁၉၈၇ နှစ်ဆန်းပိုင်းတွင် ကျနော်တို့ အဖမ်းခံရသည်မှာ စစ်ထောက်လှမ်းရေး၏ ဇာတိရုပ်နှင့် ကျနော်တို့ နှစ်ယောက်၏ ရင်းနှီးမှုကို အမြတ်ရရှိလိုက်ပါတော့သည်။
ထက်မြက်