YRTA ထိပ်ပိုင်းအရာရှိ ၂ဦးရာထူးမှနုတ်ထွက်
စိုးမိုးအောင်
·
March 19, 2018
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) က ထိပ်ပိုင်းအရာရှိနှစ်ဦးဖြစ်တဲ့ စီအီးအို ဦးဘိုဘိုဝေမောင်နဲ့ တွဲဖက်အတွင်းရေးမှူး ဒေါက်တာသန်းဝင်းတို့ ရာထူးကနေ နုတ်ထွက်သွားပါတယ်။
အခုလို ရာထူးကနေနုတ်ထွက် အနားယူတာဟာ ဖိအားတွေ အရမ်းများတာကြောင့် ဖြစ်နိုင်တယ်လို့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။ လစ်လပ်သွားတဲ့ အဲဒီရာထူးနှစ်နေရာအတွက် လောလောဆယ် အစားထိုးဖို့ အစီအစဉ်မရှိသေးဘူးလို့လည်း ဒေါက်တာမောင်အောင်က ဆိုပါတယ်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ကနေ YBS ယာဉ်လိုင်းတွေနဲ့ပတ်သက်ပြီး စည်းကမ်းထိန်း သိမ်းမှုအပိုင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဦးဘိုဘိုဝေမောင်(ခ)ဦးစောဘိုဘိုကို အမှုဆောင် အရာရှိချုပ်(စီအီးအို)အဖြစ် တာဝန်ပေးခဲ့တာပါ။
ဦးဘိုဘိုဝေမောင်အနေနဲ့ လအနည်းငယ် တာဝန်ထမ်းဆောင်ပြီး အခုနှစ် ဖေဖော်ဝါရီလမှာ ရာထူးကနေ နုတ်ထွက်စာတင်ခဲ့ပါတယ်။ ဒါ့အပြင်YBS စတင်ချိန်မှာ ပို့ဆောင်ရေး နည်းပညာရှင်အဖြစ် ပါဝင်ခဲ့တဲ့ YRTA တွဲဖက်အတွင်းရေးမှူး ဒေါက်တာသန်းဝင်းဟာ တာဝန် ထမ်းဆောင်ချိန် တနှစ်ကျော်အတွင်း ၂၀၁၈ ခုနှစ် မတ်လဆန်းမှာ ရာထူးကနေ နုတ်ထွက်စာ တင်ခဲ့ပါတယ်။
YRTA အဖွဲ့ကနေ ဖိအားတစုံတခုကြောင့် နုတ်ထွက်ရတယ်ဆိုတဲ့ ပြောဆိုမှုနဲ့ပတ်သက်လို့ ဒေါက်တာသန်းဝင်းကို ဒီဗွီဘီသတင်းဌာနက ဆက်သွယ်မေးမြန်းတဲ့အပေါ် “ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အပြင်မှာ လှုပ်ခတ်မှုများသွားမှာစိုးလို့ ကျနော်မပြောချင်ဘူးဗျာနော်။ အဲဒီတော့ ကျနော် နည်းနည်းလေး ငြိမ်ငြိမ်လေး နေပါရစေ”လို့ ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နာယကအဖြစ် ပါဝင်ပြီး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေတာပါ။