ထိုးစစ်ကြောင့် ဆီးရီးယားသူပုန်နယ်မြေအတွင်းက အရပ်သား ၂၅၀၀၀ နေရပ်စွန့်ခွာ

ဆီးရီးယားသူပုန်တွေ ခြေကုပ်ယူထားတဲ့ ဂူတာဒေသအရှေ့ပိုင်းမှာ အစိုးရရဲ့ထိုးစစ်တွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်မှာ နေရပ်စွန့်ခွာတဲ့ အရပ်သား ၂၅,၀၀၀ အထိ ရှိခဲ့တယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးက ခန့်မှန်းပါတယ်။ ဂိုတာဒေသအရှေ့ပိုင်းကနေ နေရပ်စွန့်ခွာသူ ၂၅၀၀၀ နီးပါးအထိ ရှိတယ်ဆိုတာကို ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး အလီအယ်လ်ဇာတာရီက မတ်လ ၁၈ ရက်နေ့မှာ ပြောလိုက်တာပါ။ အရပ်သားတွေဟာ ပိုင်ဆိုင်တာတွေကို ထုပ်ပိုးပြီး အစိုးရတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ နေရာကို လမ်းလျှောက်သွားနေကြတာလို့ သူကပြောပါတယ်။ အဲဒီနောက် အစိုးရတပ်က နေရပ်စွန့်ခွာသူတွေကို ဒုက္ခသည်ကယ်ဆယ်ရေးစခန်းတွေဆီ ကို လွှဲပေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။ အရပ်သားအများစုဟာ  ဆီးရီးယားစစ်တပ်က အခုတပတ် တိုက်ပွဲရှောင်လမ်းကြောင်း ဖွင့်ထားတဲ့ ဟမ်မိုရီယာအရပ်ကနေတဆင့် လာကြတာပါ။ “တိုက်ပွဲရှောင်လာတဲ့ အရပ်သားတွေအနေနဲ့ သူတို့ကို အကူအညီပေးနိုင်တဲ့ နေရာရောက်လို့ စိတ်သက်သာရာရတဲ့ မျက်နှာတွေကို မြင်ရတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ကျနော်ပြောသလိုပဲ လက်ရှိမှာ ဂိုတာ အရှေ့ပိုင်းမှာ ကျနော်တို့ ပေးထားနိုင်တဲ့ အကူအညီက ရေပုံးတစ်ပုံးထဲက ရေတစ်စက်စာလောက်ပဲ ရှိပါသေးတယ်” လို့ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးအလီအယ်လ်ဇာတာရီက ပြောပါတယ်။ “လူ ၅၀၀၀၀ နဲ့ အထက်အတွက် ကျနော်တို့ ပြင်ဆင်ထားပါတယ်။ ဒီတော့ လုပ်ရတာ စိမ်ခေါ်မှုတော့ မရှိဘူး။ ရှိမယ်ဆိုရင်လည်း အထမြောက်အောင် လုပ်တဲ့နေရာမှာ ရှိပါမယ်။ လူ ၅ သောင်းကျော်တဲ့အထိ အခက်အခဲ ရှိဦးမှာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ နေရပ်စွန့်ခွာသူပမာဏကို ကြည့်ပြီး လူ ၂ သိန်းနဲ့အထက် လက်ခံနိုင်အောင် ကျနော်တို့ ပြင်ဆင်ထားတယ်” လို့ ယူနီဆက်ဖ် ကိုယ်စားလှယ် ဖရန်အကွီဇာက ပြောပါတယ်။ ပြီးခဲ့တဲ့ ၇၂ နာရီ အတွင်း ဂူတာဒေသ တောင်ပိုင်းကနေ အရပ်သား ၅ သောင်း နီးပါးထွက်ခွာခဲ့ပြီး မနေ့ကတော့ လူထောင်ချီ ထွက်ခွာထားတယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ ရုရှား သတင်း အေဂျင်စီတွေကတော့ ဂူတာ ဒေသ အရှေ့ပိုင်းကနေ လူပေါင်း ၇၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်နေပြီး တနင်္ဂနွေနေ့မှာ နေရပ်စွန့်ခွာသူ နှစ်သောင်းခွဲ ရှိခဲ့တယ်လို့ သတင်းဖော်ပြထား ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up